ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးကောင်း၍ ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည်၊ ဩဂုတ် ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးကောင်း၍ ကွမ်းရွက်တစ်ပိဿာ ငွေကျပ် ၉၀၀၀ မှ ၁၀၀၀၀ ကျပ် ရောင်းချရပြီး ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းရွက်များ ခူးဆွတ်ရောင်းချရာတွင် ကွမ်းခြံကောင်းပါက (၁၀)ရက်လျှင် တစ်ကြိမ် (၅)နှစ်အထိ ခူးဆွတ်ရောင်းချရကြောင်း ကွမ်စိုက်တောင်သူများထံမှ သိရှိရသည်။

 

ကွမ်းပင်သည် ရာသီဥတုနှင့် ပိုးမွှားဒဏ် ခံနိုင်မှုအား နည်းပါးပြီး အပျက်အစီးလွယ်ကူသောကြောင့် ကွမ်းစိုက်ကျွမ်းကျင်သည့် တောင်သူအနည်းစုသာ စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် သွင်းအားစုများပြီး နေ့စဉ် အလေးထားကြည့်ရှုရကာ ကျွမ်းကျင်မှုနည်းပြီး ဂရုစိုက်မှုနည်းပါက ပိုးမွှားများကျရောက်၍ ကွမ်းရွက်အထွက်နှုန်း ကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်သည်။

 

ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်၊ သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး ကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)