ကျောက်ဆည်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၄၀၀လွှဲပြောင်းပေးအပ်

ကျောက်ဆည် ၇ မတ် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၄ရွာအား စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၄၀၀လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျောက်ဆည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း က အမှာစကား ပြောကြားပြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုး က ကျေးရွာတစ်ရွာလျှင် စီမံကိန်းမှ ရန်ပုံငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကျပ်သိန်းတစ်ရာဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေး၊ မီးလင်းရေး၊ လမ်းတံတားများ စသည်ဖြင့် လိုအပ်ချက်အပေါ်မူတည်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း‌ VDP ဆောင်ရွက်မည့် ရဲဘော်ကြီး၊ ကုန်းကြီး၊ ပင်တလည်၊ အနောက်ငယ်တိုး၊ နောင်ခမ်း၊ စင်းကွန်း၊ ကုလားကျောင်း၊ ညောင်ပင်‌‌စောက်၊ ဇီးပင်ဝန်း၊ ဇရပ်ဖြူ၊ မဉ္ဇူခြံ၊ လက်ပန်၊ ထန်းဇင်တော်၊ သင်ပျို ကျေးရွာ ၁၄ ရွာအား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ နှုန်း ဖြင့် စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၁၄၀၀ အား တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာသိန်းဆွေဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုး နှင့် ဝန်ထမ်းများ၊ ကျေးရွာ၁၄ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းသူ