ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေများဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည် ဆောင်ရွက်ပေးရသည်ကို သိရှိရန်လို

ပဲခူး ဇန်နဝါရီ ၂၄

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်တည်ငြိမ်စေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။  

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က မြို့နယ်အလိုက် ရသင့်ရထိုက်သည့် အခွန် ဘဏ္ဍာငွေများ ရရှိစေရေးနှင့်  လျှပ်စစ်မီတာခများ ကြွေးကျန်မရှိစေရေး ကြပ်ကြီးကြပ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေများဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးရသည်ကို သိရှိရန်လိုအပ်ကြောင်း၊ လမ်းဧရိယာနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် နေရာများရှိ ကျူးကျော်နေထိုင်မှုများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ရပ်ကွက်နှင့် ကျေးရွာအလိုက် အားကစားပြိုင်ပွဲများ၊ Out Door Game များ ပြုလုပ်ကျင်းပပေးရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားလာနိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်