ကျောက်ကြီးမြို့နယ်၌ ငလျင်အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

ကျောက်ကြီး ၂၅ စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက်ရုံးခွဲနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး ငလျင်အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ အစမ်းဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်းနှင့် မြို့နယ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက်ရုံးခွဲမှ တာဝန်ရှိသူများက အင်းနက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ငလျင်အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးဟောပြောပြီး အဆိုပါကျောင်းရှိ ကျောင်းသား ကျောင်းသူ (၁၄၀) ဦးအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ငလျင်ဘေးသဏ္ဌာန်တူ အစမ်းဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ညွန်ကြားမှုဖြင့် ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် မြို့နယ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက်ရုံးခွဲ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ စီမံချက်ရွေးချယ်ထားသော အခြေခံပညာကျောင်း (၇) ကျောင်းအား စက်တင်ဘာ ၂၃ ရက်မှ ၃၀ ရက်အထိ (၇)ရက်တိတိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် နည်းပြများနှင့်အတူ သင်ကြားပို့ချလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ပြောကြားချက်အရ သိရသည်။


ကိုသားကြီး(ကျောက်ကြီး)