ကျောက်မဲမြို့ပေါ်မှ ဆိုင်ကယ်ခိုးယူသွားသူအား မန္တလေး-လားရှိုးလမ်း ဂုတ်တွင်းတံတား ရဲကင်းရှေ့ တွင် ဖမ်းမိ

ကျောက်မဲ ၃၀  ဇူလိုင်   

ကျောက်မဲမြို့ရှိ ဆိုင်ကယ်ခိုးယူထွက်ပြေးသွားသူကို ဇူလိုင်  ၂၉ ရက် မွန်းလွဲ ၃ နာရီခန့်က မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ ဂုတ်တွင်းတွင် နေ့ချင်းပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျောက်မဲမြို့တွင် နေထိုင်သည့် ကိုစိုင်းဟိန်းထွဋ်သည် ဇူလိုင်လ ၂၉  ရက်  နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ကျောက်မဲမြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေဖီဦးလမ်းပေါ်ရှိ ၎င်း၏ ဖုန်းပြုပြင်ရေးဆိုင်အား သွားရောက်ဖွင့်လှစ်နေစဉ် HONDA SCOOPY ဆိုင်ကယ်အား ဇက်သော့ခတ်၍ ဆိုင်ရှေ့လမ်းဘေး၌ ခေတ္တ ရပ်ထားနေချိန် ဆိုင်ကယ်ပျောက်ဆုံးသွားခဲ့ပါသဖြင့် ကျောက်မဲမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

 

အမှုအား ကျောက်မဲမြို့မရဲစခန်းမှ စုံစမ်းရှာဖွေခဲ့ရာ ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မိုးကုတ်မြို့တွင် နေထိုင်သူ အောင်မြတ်ကျော် (၂၁နှစ်)အား ပျောက်ဆုံးသွားသော ဆိုင်ကယ်နှင့်အတူ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ ဂုတ်တွင်းတံတား ရဲကင်းရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)