ကျောက်မဲမြို့ပေါ်ရှိ ဈေးနှင့်အရောင်းဆိုင်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားမပါသည့် ကုန်စည်များရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ   ၂၈   ဇူလိုင် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ ဈေးများနှင့်အရောင်းဆိုင်များတွင်  စားသုံးသူ ကာကွယ်ရေး ဉပဒေနှင့်အညီ မြန်မာဘာသာဖြင့်ဖြင့် ဖေါ်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များ ရောင်းချမှုရှိ/မရှိကို ယမန်နေ့ကစ၍ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာလင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စားသုံးသူကာကွယ်ရေးဉပေဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော တရားမဝင်ကုန်စည်များကို သုံးစွဲခြင်းကြောင့်  စားသုံးသူများ နစ်နာဆုံးရှုံးမှုမဖြစ်စေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။

 

ရောင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါးဖြည့်စွက်စာများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အစား အသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ အစရှိသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊  ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့် ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို  မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်သည်။

 

အဆိုပါ သတ်မှတ်ထားသည့်အတိုင်း ကုန်အညွှန်းအမှတ်တံဆိပ်များ ပါဝင်မှုမရှိသော ရောင်းကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် သတိပေးခဲ့ကြောင်း သတိပေးပြီးသည့် နောက်ပိုင်း ဆက်လက် ရောင်းချပါက ရောင်းချသူများကို စားသုံးသူကာကွယ်ရေးဉပေဒေ ပုဒ်မ ၇၃ အရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)