ကျောက်ဖြူမြို့၌  မြန်မာအမျိုးသားလေကြောင်းဖြင့် လိုက်ပါကြမည့် ခရီးသည်များအား ကျန်းမာရေး စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရ

ကျောက်ဖြူ ၊  ၁၈   ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါကြမည့် ခရီးသည်များကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့ မွန်းလွဲ ၁ နာရီက အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်ဆောင်တွင် စစ်ဆေးပေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါကြမည့် ခရီးသည်များတွင် တရုတ်နိုင်ငံသား ၅၂ ဦးနှင့် မြန်မာနိုင်ငံသား ၃၇ ဦး၊ စုစုပေါင်း ၈၉ ဦးတို့အား စစ်ဆေးပေးခဲ့ကြောင်း၊ စစ်ဆေးသည့်အခါတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ၎င်းတို့အား သတ်မှတ်နေရာ အသီးသီးတွင် ထားရှိပြီး ကျောက်ဖြူခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများက Standard Q COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် လူတစ်ဦးလျှင်တစ်သောင်းကျပ်ကျခံစေကာ စမ်းသပ် စစ်ဆေးခဲ့ကြောင်း၊  အဆိုပါခရီးသည်များတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသဖြင့် ရောဂါ ကင်းရှင်းကြောင်း လက်မှတ်များပေးအပ်ခဲ့ကြောင်းနှင့် စစ်ဆေးမှုများကို    လေယာဉ်မထွက်မီ တစ်ရက် ကြိုတင်၍ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအတွင်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင်က ပြောကြားသည်။

 

လေယာဉ်စီးနင်း လိုက်ပါကြမည့် ခရီးသည်များအနေဖြင့် ၃၆ နာရီအတွင်းစစ်ဆေးထားသော ရောဂါကင်းရှင်းကြောင်းအသိအမှတ်ပြုလက်မှတ် Negative Test Result  ပါရှိရမည်ဖြစ်ပြီး၊ မျက်နှာအကာ Face Shield နှင့် နှာခေါင်းစည်း Mask တို့ကို တပ်ဆင်လာရမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်၊ မြန်မာအမျိုးသားလေကြောင်းလိုင်း တာဝန်ခံထံမှ သိရသည်။

 

ကျောက်ဖြူမြို့နယ်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များအဖြစ် မြန်မာ့လေကြောင်းလိုင်းမှ အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ကျောက်ဖြူမှ ရန်ကုန်၊ စစ်တွေ၊ သံတွဲ စသည့်မြို့များသို့  တစ်ပတ်လျှင်သုံးရက်စီ ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

 

တင်ထွန်းဦး