ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် စားဝတ်နေရေး ကြပ်တည်းနေသူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကျောက်ဖြူ ဩဂုတ် ၂

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့မှ စားဝတ်နေရေး ခက်ခဲကြပ်တည်းနေသူ အခြေခံလူတန်းစား သာမန်လက်လုပ်လက်စား ချို့တဲ့မိသားစု နေအိမ်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက Kyauk Phyu Youth အဖွဲ့မှ ပရဟိတလူငယ်များမှ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း  သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငါးနီတူခြောက်၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း (Mask)များကို မြို့ပေါ်ရပ်ကွက်များမှ Stay at Home သတ်မှတ်ကာလအတွင်း အခက်အခဲဖြစ်နေသူများထံ သွားရောက်ကာ ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

"ကျွန်တော်တို့ Kyauk Phyu Youth အဖွဲ့က ဒီ ကိုဗစ်-၁၉ ရောဂါ Third Wave ကာလမှာ ပထမဆုံးအနေနဲ့ ဆွမ်းဘောဇဉ် အခက်အခဲ ဖြစ်နေတယ်ထင်ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စပြီးတော့ လှူဒါန်းဆက်ကပ်တာတွေ ပြုလုပ်ဖြစ်တယ်၊ လှူဒါန်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းက ၂၀ ကျောင်းလောက်တော့ ရှိမယ်ထင်တယ်၊ နောက်ပြီး ကိုဗစ်နဲ့ ကွယ်လွန်သွားသူ အဖွားဖြစ်သူရဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးသုံးယောက်ရဲ့အိမ်ကို ထောက်ပံ့ရာက စပြီးတော့မှ မြို့ပေါ်ရပ်ကွက်တွေမှာ အမှန်တကယ် ဆင်းရဲကြပ်တည်းနေကြတဲ့သူတွေနဲ့ ပုံမှန်ဝင်ငွေ မရှိတဲ့သူတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အတည်ပြု စိစစ်ပြီးတော့မှပဲ သူတို့တေွရဲ့နေအိမ်တွေကို သွားရောက်ပြီး အခြေခံစားနပ်ရိက္ခာတွေနဲ့ ကာကွယ်ရေးသုံးပစ္စည်းတွေကို ထောက်ပံ့ပေးနေတာ ဖြစ်တယ်။ ဒါ့အပြင် တချို့သားသမီး ကျောထောက်နောက်ခံ မရှိတဲ့သူတွေ အသက်အရွယ် ကြီးရင့်သူတွေဆိုရင် ဆေးဝါးတွေနဲ့ လိုအပ်တာတွေ ဝယ်ဖို့အတွက် ငွေသားထောက်ပံ့ ပေးရတာတွေလည်း ရှိတယ်၊ မနေ့ကလည်း မြို့ပေါ်မှာရှိတဲ့ မရာမာကြီးတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ နေအိမ်တွေကိုပါ သွားရောက်ပြီးတော့ ထောက်ပံ့ပေးတာတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်” ဟု အဆိုပါ Kyauk Phyu Youth အဖွဲ့မှ ကိုထူးသာက ပြောသည်။

 

mdn

 

အလားတူ အဆိုပါအဖွဲ့သည် သြဂုတ် ၁၉ ရက်ကလည်း အသက် ၇၆ နှစ်အရွယ် တစ်ဦးတည်း နေထိုင်လျက်ရှိသည့် အဖွားအို၏နေအိမ်၊ အသက် ၈၂ နှစ်အရွယ် မြေးအဖွားနှစ်ဦးတည်း နေထိုင်လျက်ရှိသည့် နေအိမ်နှင့် အသက် ၈၄ နှစ်အရွယ် မောင်နှစ်မနှစ်ယောက် နေထိုင်လျက်ရှိသည့် နေအိမ်များသို့ သွားရောက်၍ ဆေးဝါးများနှင့် လိုအပ်သည်များ ဝယ်ယူနိုင်ရန် အလှူငွေများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ၎င်းအဖွဲ့၏ လူမှုစာမျက်နှာများတွင် ရေးသားဖော်ပြထားသည်။

 

Kyauk Phyu Youth အဖွဲ့သည် ကိုဗစ် Third Wave ကာလတွင် စားဝတ်နေရေး အကြောင်းပြု၍ ဆွမ်းဘောဇဉ်အတွက် ခက်ခဲနေနိုင်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော ဆားပြင်ကွင်းရပ်ကွက် ပြင်ဖြူမော်ရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ အစိုးရရပ်ကွက်၊ အရာရှိရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ ကညင်တောရပ်ကွက် စသည့်ရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု (၂၅၀) စုခန့်ကို အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငါးနီတူခြောက်၊ ခေါက်ဆွဲခြောက်နှင့်  နှာခေါင်းစည်း (Mask) များကို လှူဒါန်းထားရှိပြီးဖြစ်ကာ လိုအပ်နေသူများထံသို့လည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 

တင်ထွန်းဦး- ဖြိုးဝေလင်း (ပြန်/ဆက်)