ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုးသို့ ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ကျောက်ပန်းတောင်း၊  ၂၅   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာနှင့် လက်ပံအိုင့်အုပ်စု၊ လက်ပံအိုင့်ကျေးရွာကြားရှိ ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုးနေရာများသို့ ကိုဗစ်-၁၉ ရောဂါ အလွန် ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရေး၊ ဒေသခံများ အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များ ပေါ်ထွန်းစေရေး ရည်ရွယ်လျက် ဇန်နဝါရီ  ၂၄ ရက် မွန်းလွဲပိုင်းက ခရီးစဉ်ဒေသသစ် ဖော်ဆောင်မည့် ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုး နေရာများသို့ ကွင်းဆင်းခဲ့ကြောင်း ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးဝင်းအောင် ထံမှ သိရသည်။

 

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရေးအတွက် လဲဂွကျေးရွာနှင့် လက်ပံအိုင့်ကျေးရွာအနီးရှိ ဂဲမိုးအိုင်၊ မြောက်ကျောက် အိုးနေရာများ ခရီးစဉ်ဒေသ ဖြစ်ပေါ်လာ စေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွား စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးဇော်မျိုးလတ်နှင့် တာဝန်ရှိသူများသည် လဲဂွကျေးရွာ မြောက်ကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  ရပ်ရွာအခြေပြု ခရီးစဉ်ဖော်ဆောင်ခဲ့သည့် ဒေသများ၊ ဖော်ဆောင်ဆဲနေရာများကို ရှင်းလင်း ဆွေးနွေးပြီး ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုး နေရာများကို ကွင်းဆင်းကြည့်ရှုကာ  တောတောင်၊ ရေ၊ မြေ၊ ပတ်ဝန်းကျင် သဘာဝအလှအပများ မပျက်စီးစေရေးနှင့် ဂဲမိုးအိုင်လျှိုမြောင်တစ်လျှောက် ကြည့်ရှုခဲ့သည်။

 

ကျောက်ပန်းတောင်းမြို့နယ် ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် ဂဲမိုးအိမ်နှင့် မြောက်ကျောက်အိုးသို့ ကွင်းဆင်းကြည့်ရှုရာတွင် မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး (ညွှန်ကြားရေးမှူး) ဦးဇော်မျိုးလတ်နှင့်အတူ ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးဝင်းအောင် နှင့်ဝန်ထမ်းများ၊ Bagan Plastic Campaign ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပုဂံ-ညောင်ဦး ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ပုဂံ-ညောင်ဦး စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ လိုက်ပါခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆေွးနွေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)