ကော့ကရိတ်မြို့နယ်တွင် အသက်(၆၀)နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ကော့ကရိတ် ၃၀  အောက်တိုဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက် ပေးလျက်ရှိကြောင်း သိရသည်။

 

အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်‌ ပေးနိုင်ပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်တွင်  ကြိုတင်မဲပေးနိုင်ရန်    စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း   မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

 

ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၅၇)အုပ်စုရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ  ဦးရေ (၂၀၀၀၀) ကျော်ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)