ကျောက်တလုံးကြီးမြို့တွင် မိသားစုအပိုဝင်ငွေရရှိရန် ဆောင်းသီးနှံသခွားမွေး တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးလျက်ရှိ

ကျောက်တလုံးကြီး၊ ၁၁ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဆောင်းသီးနှံဖြစ်သော သခွားမွေးများကို မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဇန်နဝါရီလ ပထမပတ်မှစ၍ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

 

ကျောက်တလုံးကြီးမြို့၊ သခွားမွေးစိုက်တောင်သူဖြစ်သည့် ဦးခွန်နေထွန်းမှ သခွားမွေးများစိုက်ပျိုးရာတွင် မြေများကို ထွန်းရေးညက်အောင်ပြုလုပ်ကာ ဘောင်ဖော် မြေအောင်းအဖြစ် နွားချေးထည့်ကာ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ၂ ပေနှင့် ၆ လက်မခွာ၍ စိုက်ပျိုးပြီး ရေလောင်းကာ ပလတ်စတစ် အကြည်ဖြင့်အုပ်ထားခြင်းဖြင့် ရေအစိုဓာတ်ကို ပိုမိုထိန်းပေးနိုင်ကြောင်း၊ စိုက်ပျိုးပြီး ၇ ရက်ခန့်တွင် အပင်များစပေါက်လာ၍ အပင်ပေါက်သည့်နေရာတွင် အုပ်ထားသော ပလတ်စတစ်အကြည်အား အဝိုင်းပေါက် ဖောက်ပေးရကြောင်း၊ နှစ်ပတ်အကြာ၌ ရေများသွင်းပေးရကြောင်း၊ ရက်ပေါင်း(၃၀)တွင် သခွားမွေးများ အပွင့်များစတင်ပွင့်မည်ဖြစ်ပြီး ပေါင်းမြက်များကိုလည်း နှိမ်နင်းပေးရကြောင်း၊ ရက်ပေါင်း(၆၀)ခန့်တွင် အသီးများ စတင်သီးမည်ဖြစ်ကြောင်း၊ ရက်ပေါင်း(၉၀)တွင် အသီးများကို ခူးဆွတ်နိုင်ကြောင်း ရှင်းပြသည်။

 

အဆိုပါ သခွားမွေးအမျိုးအစား (၃)မျိုးရှိပြီး အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံရှိ၍ အခွံအရောင်အစိမ်း အနု၊ အရင့်၊ အဖြူ၊ အဝါ၊ ဆင်စွယ်ရောင်ရှိကြောင်း၊ အခွံပုံစံပြောင်ချောနှင့် ပိုက်ကွန်သဖွယ်အကွက်ရှိသည့် အမျိုးအစားနှစ်မျိုးရှိကြောင်း၊ ကျောက်တလုံးကြီးမြို့တွင် သခွားမွေးကို အလုံးပုံ၊ အခွံအဝါရောင်နှင့် အခွံ ပုံစံပြောင်ချော အမျိုးအစားကို စိုက်ပျိုးကြောင်း ဒုံအုံးရပ်ကွက် သခွားမွေးစိုက်တောင်သူ ဦးခွန်နေထွန်းထံမှ သိရှိရသည်။

 

မြဝင်း(ပြန်/ဆက်)