ကျောက်တံခါး ကျေးလက်ဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကျောက်တံခါး  ၁၁  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်း ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဧပြီလ ၁၀ ရက်နေ့က ကျောက်တံခါးမြို့နယ် ကျေးလက်ဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

         

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်ရာတွင် ဧပြီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်မြို့ပေါ်ရှိ Facility   Quaratine Center များ၊ ကျေးလက် ဆေးပေးခန်းများ၊ဆေးရုံများ၊စျေးများ၊ လူအများသွားလာသည့် ကာဂိတ်နေရာများ၊ ဘူတာရုံများ၊ မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ရေပိုက်များသွယ်တန်းပေးခြင်း၊ ရေပုံးများထားရှိပေးခြင်း၊ အများသုံးလက်ဆေးဘေစင်များ တပ်ဆင်ပေးခြင်း၊ ရေပုံးရေခွက်များ၊လက်ဆေးဆပ်ပြာများ ထားရှိပေးခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ တပ်ဆင်ပေးခြင်း၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း(ကိုဗစ်-၁၉) ရောဂါ ကာကွယ်ရေးနည်းလမ်းများအား လက်တွေ့ရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

         

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက ယူနီဆက်မှရန်ပုံငွေ(၃.၂၅)သန်းဖြင့် ထောက်ပံ့ပေးသော လက်ဆေးဘေစင်များ ၄င်းနှင့်ဆက်စပ်ပစ္စည်း(၆၇)အစုံတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးအတွက် ပူးပေါင်းဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။

         

နေလင်း(ညောင်လေးပင်)