ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၂ ဇွန်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို လက်တွေ့ကျစွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း (၄၇၀၃၁) ကျောင်းရှိ၍ ကျောင်းသား ဦးရေ (၉)သန်းခန့်ရှိကြောင်း၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းရှိ ကျောင်းသားများ အပါအဝင်ဆိုလျှင် ကျောင်းသားဦးရေ (၉ ဒသမ ၅) သန်းခန့်ရှိပါကြောင်း။

 

ကျောင်းသားများ ကျန်းမာရေးကောင်းမွန်မှသာလျှင် သင်ကြားမှုများကို ကောင်းစွာရယူသင်ကြားနိုင်မည်ဖြစ်ပါ၍ ကျောင်းကျန်းမာရေးကို အထူးတန်ဖိုးထားရှိပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

 

ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကျောင်းများမှ ဆရာ/ဆရာမများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၉ ဒသမ ၅)သန်းခန့်ရှိသော ကျောင်းသားထုတစ်ရပ်လုံး ကျောင်းကျန်းမာရေး လုပ်ငန်းများမှတစ်ဆင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများ ကျင့်သုံးလိုက်နာသူများ ဖြစ်လာစေချင်ကြောင်း။

 

ကျောင်းကျန်းမာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း ယခုထက် ပိုမိုတိုးတက်စေရန်အတွက် ဤအစည်းအဝေးကြီးပြီးဆုံးသွားပါက အဖွဲ့ငယ်များ ဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်မှုကိုဆွေးနွေးပြီး မဟာဗျူဟာ၊ မူဘောင်နှင့် လုပ်ငန်းစဉ်များကို ရေးဆွဲသွားစေလိုကြောင်း။

 

ကျောင်းကျန်းမာရေး လုပ်ငန်းတစ်ရပ်အနေဖြင့် ကျောင်းများတွင် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း တစ်နှစ် (၂)ကြိမ် တိုက်ကျွေးခြင်းနှင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ကာကွယ်ရန်အတွက် ကျောင်းသူများကို သံဓာတ်နှင့် ဖော့လစ်အက်ဆစ်ပါသော ဆေးများ တိုက်ကျေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း။

 

ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းသည် ဆေးတစ်ပါးဖြစ်သည်နှင့်အညီ ကျောင်းသား/ ကျောင်းသူများ အားကစားလုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လိုအပ်သော အားကစားပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)