ကျောင်းကုန်းမြို့သို့ အောက်ဆီဂျင်စက် စတင်ရောက်ရှိ တစ်နေ့လျှင် အလုံး(၄၀) ထုတ်လုပ်ပေးနိုင်မည်

ကျောင်းကုန်း စက်တင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စေတနာရှင်များ၏ ထည့်ဝင် လှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်အား ယမန်နေ့ညနေ ၅  နာရီအချိန်ခန့်က ပြည်သူ့ ဆေးရုံဝန်းအတွင်းသို့ သယ်ဆောင်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင် တပ်ဆင်ထုတ်လုပ်မည့်စက်သည် တရုတ်နိုင်ငံထုတ် 20MM3 အမျိုးအစား ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊ ပါရမီရိပ်သာ အမှတ်(၂၉/ ၃၀)ရှိ "အောင်ကြီးကုမ္ပဏီ" မှ ဝယ်ယူခဲ့ကြောင်း၊ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း(၈၅၀)ခန့် ကုန်ကျခဲ့ပြီး၊ တစ်နာရီလျှင်(၄၀)လီတာ အောက်ဆီဂျင်အိုး(၄)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နေ့လျှင်(၁၀)နာရီ မောင်းနှင်၍ (၄၀)လီတာအိုး အလုံး(၄၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အား ကျောင်းကုန်းမြို့နယ်အတွင်းရှိ စေတနာရှင်များထည့်ဝင် အလှူငွေဖြင့် တပ်ဆင်ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင် ဦးဇော်လွင်ဦး ပြောသည်။

   

ကျောင်းကုန်းမြို့နယ်အနေဖြင့် အောက်ဆီဂျင် စတင်ထုတ်လုပ်နိုင်မှုသည် လာမည့် အောက်တိုဘာလလယ်ခန့်မှသာ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး၊ စက်ရုံလည်ပတ်နိုင်ပါက ကျောင်းကုန်းမြို့နယ်မှ အောက်ဆီဂျင်လိုအပ်နေသော လူနာများအပြင်  အခြားမြို့နယ်များမှ လူနာများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)