ကျောင်းနေရွယ်ကလေးများ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတိုက်တွန်း

နေပြည်တော် ၁၈ အောက်တိုဘာ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆရာ၊ဆရာမများ ပညာရေးမိသားစုများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခြေခံပညာကဏ္ဍတွင် ကျောင်းသား၊ ကျောင်းသူများ သိသိသာသာ တိုးတက်မှုရှိလာကြောင်း၊ ဆက်လက်၍ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မူလတန်းပညာရေးသည် အလွန်အရေးကြီးပြီး Grade 3 (တတိယတန်း) ရောက်သည့် ကျောင်းသား၊ ကျောင်းသူတိုင်း ရေးတတ်၊ ဖတ်တတ်၊ တွက်ချက်တတ်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ စာဖတ်ပြိုင်ပွဲများကို မိဘဆရာအသင်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း။

ကျောင်းများတွင် အားကစားပြိုင်ပွဲများ၊ ပန်းချီ ဂီတအနုပညာပွဲများ ကျင်းပပြုလုပ်ရန်နှင့် မိဘဆရာအသင်း၊ ပြည်သူလူထုများနှင့် ပူးပေါင်းကာ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိဘများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သည့်(School Family Day)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပစေလိုကြောင်း၊ သို့မှသာ ကလေးများ ကျောင်းနေပျော်၍ ကျောင်းထွက်နှုန်း လျော့နည်းပြီး သင်ယူတတ်မြောက်မှုနှုန်း မြင့်မား လာမည်ဖြစ်ကြောင်း၊ ကျောင်းထောက်ပံ့ကြေးများကို စနစ်တကျ သုံးစွဲဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာရင်းဇယားများ ပြုစုရေးဆွဲရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျရန် လိုအပ်ကြောင်း။

ကျောင်းအလိုက် ဌာနအလိုက် ဖြည့်ဆည်းရမည့် လိုအပ်ချက်များကို တန်းစီ စာရင်းဇယားများ ပြုလုပ်ကာ ဦးစားပေးဆောင်ရွက်နိုင်ရေး အဆင့်သတ်မှတ် ဆောင်ရွက် ထားရန်လိုကြောင်း၊ သင်ကြားရေး၊ စီမံ ဘဏ္ဍာစသော ဌာနအားလုံးတွင် အရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲ ပြဿနာများနှင့် တွေ့ကြုံ လာသည့်အခါ တည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးအရည် အသွေး မြင့်မားအောင်ဆောင်ရွက်ရာတွင် ကျောင်းနေနှုန်းမြင့်မားရေး၊ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ချန်မထားဘဲ ပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေးနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးများ အားကောင်းအောင် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)