ကျောင်းသား ၉၁၀ဝ ကျော် ဝူဟန်တက္ကသိုလ်သို့ ပြန်လာ

၂၅ ဩဂုတ်

 

 

တစ်ချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော်ဝူဟန်တွင် ကူးစက်မှု ဖြစ်ပွားအပြီး ရှစ်လခန့်အကြာ  ကျောင်းသား ၉၁၀ဝ ကျော်  ဝူဟန် တက္ကသိုလ်သို့ ပြန်လာကြသည်။

 

 

ဘွဲ့ကြိုကျောင်းသားများသည် တရုတ်နိုင်ငံတွင် နာမည်အကြီးဆုံး တက္ကသိုလ်များအနက် တစ်ခုဖြစ်သော ဝူဟန်တက္ကသိုလ်တွင်  ဩဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ သင်တန်းများကို အစားသင်ယူကြမည် ဖြစ်သည်။

 

 

ဝူဟန်တက္ကသိုလ်၏ ဘွဲ့ကြိုကောလိပ်အကြီးအကဲ ဇန်ရှန်ဒေါင်က ဘာသာရပ် ၁၀၆ ခုပါဝင်သည့် သင်ခန်းစာများကို သင်ကြားမှု အရည်အသွေး ကောင်းမွန်စေရန် ထိုကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အွန်လိုင်း သင်တန်းများနှင့် ပို့ချရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

 

 

ယမန်နေ့က ဝူဟန်တက္ကသိုလ်ရှိ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသားများသည် နှာခေါင်းစည်းများ ဝတ်ဆင်ကာ ရူပဗေဒပို့ချချက်ကို တက်ရောက်သင်ယူကြသည်။

 

 

ရူပဗေဒနှင့် နည်းပညာတက္ကသိုလ်ကျောင်းမှ ပါမောက္ခတစ်ဦးဖြစ်သူ ရှီယင်က ထိုသင်တန်းအတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရသည်ဟု ဆိုသည်။

 

 

ထိုတက္ကသိုလ်ရှိ အော့ဖ်လိုင်း စာကြည့်တိုက်ကိုလည်း ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

ထိုစာကြည့်တိုက်ထဲ ဝင်ရောက်လိုသူများသည် အပူချိန်တိုင်းရန်နှင့် နှာခေါင်းစည်းများ ဝတ်ဆင်ရန် လိုအပ်သည်။

 

 

ဟူပေပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရမှု မရှိဟု အတည်ပြုထားကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

 

 

ဟူပေပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၈၁၃၉ ဦး ရှိကြောင်း၊ ကူးစက်ခံရသူ အများစုမှာ ဝူဟန်မြို့မှဖြစ်ကြောင်းနှင့် ကူးစက်လူနာ ၆၃၆၂၆ ဦးမှာ ကုသမှုခံယူပြီး ဆေးရုံမှဆင်းသွားပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ထိုပြည်နယ်တွင် ရောဂါကူးစက်ခံရမှုကြောင့် ၄၅၁၂ ဦး သေဆုံးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို