ကျောင်းသားကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် အသိပညာဗဟုသုတတိုးပွားရေး ကွင်းဆင်းပညာပေး

ပွင့်ဖြူ  ၁၅ ဇန်နဝါရီ    

ကျောင်းသားကျောင်းသူများ အစားအသောက်များနှင့် ပတ်သက်ပြီး ဘေးကင်းလုံခြုံစေရန်နှင့် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ကွင်းဆင်းပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရိုးကုန်းကျေးရွာ အ.မ.က ကျောင်းနှင့် ညောင်ကုန်းကျေးရွာ အ.မ.ကကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရေးအတွက် သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များ၊ စားသုံးသူ အကာအကွယ်ရေး ဆိုင်ရာ ဉပဒေအကြောင်းအရာများကို လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးနိုင် က စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ ယာယီစခန်းမှူး ရဲအုပ်ဟန်ဝင်းအောင် က ယာဉ်တိုက်မှုအန္တရာယ် မဖြစ်စေရေး လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာပေးပြသထားရှိသည့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)