ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း အခြေခံလူတန်းစားများသို့ အခြေခံစားကုန်များ လိုက်လံထောက်ပံ့

ကော့သောင်း ၁၂  ဇွန်

 

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည့်  ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ် ရပ်ကွက်များရှိ အခြေခံလူတန်းစား မိသားစုများအား ယမန်နေ့ညနေပိုင်းက အခြေခံ စားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ လှူဒါန်းလျှက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် အခြေခံ စားကုန်များကို  မြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားမိသားစုများ ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

 

ထို့အပြင် ရပ်ကွက်နေပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအား ဆက်လက်ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများအားလူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

             

   ကျော်စိုး (ကော့သောင်း)