ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း စည်းကမ်းပျက် ငါးဖမ်းလှေများအား ဖမ်းဆီးအရေးယူ

ကော့သောင်း   ၁၆  ဇွန်

 

ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း စည်းကမ်းမဲ့ငါးဖမ်းလျှက်ရှိသည့် ကမ်းနီးငါးဖမ်းလှေ နှစ်စီးအား  တပ်မတော်(ရေ)မှ ဇွန် ၁၄ ရက်က ဖမ်းဆီးရမိခဲ့ပြီး ယနေ့ နံနက်ပိုင်းက  ကော့သောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာအဆိုပါနေ့ကာ ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်လျှက်ရှိသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် အက်ဒမန်ပင်လယ်အတွင်း ကင်းလှည့်နေစဉ် လင်းရှူးကျွန်းအနောက်တောင်ဘက် တွင်ငါးဖမ်းလှေ ၂ စီးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းရာ မြောက်လတ္တီတွဒ် ၁၀°၃၆ မိနစ် အရှေ့လောင်ဂျီကျု ၉၈ ဒသမ ၁၂ ဒဿမ ၅ မိနစ်   လင်းရှူးကျွန်း အနောက်တောင်ဘက်တွင် လှေဂရံ၊ စက်ဂရံ လုပ်ငန်းလိုင်စင် ပါရှိသော်လည်း စက်မြင်းကောင်ရေ    ကွဲလွဲနေသည့် ငွေလင်းတိုး (၂)အမည်ရှိ လှေသား(၈)ဦးပါ စည်းကမ်းပျက်၊ ဂဏန်းဖမ်းလှေနှင့် လှေအမည် ရေးထားခြင်းမရှိသော လုပ်ငန်းလိုင်စင်တွင် "စန္ဒကူး"အမည်ပါရှိပြီး၊ လိုင်စင်ပါ အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိသော လှေသား (၆)ဦးပါ စည်းပျက် ဂဏန်းဖမ်းလှေ တို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

 

ဖမ်းဆီးရမိသည့် လှေများနှင့် ရေလုပ်သားများကို ကော့သောင်းမြို့မရဲတပ်ဖွဲ့စခန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က သက်ဆိုင်ရာ ငါးလုပ်ငန်းဥပဒေများနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)