ကော့သောင်းမြို့သို့ အားလပ်ရက်ရှည် ကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်

ကော့သောင်း ၂ မတ်

 

ပင်လယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာနေမှုနှင့်အတူ မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး ထိုင်း - မြန်မာနယ်စပ် ကော့သောင်းမြို့သို့ အားလပ်ရက်ရှည်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 

ပွင့်လင်းလာသည့် စီးပွားရေး မူဝါဒများအရ ကော့သောင်း ဒေသအား မီးခိုးတိတ် စက်ရုံများရှိရာ ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ဖော်ဆောင်ချက်များကြောင့် ယခုအခါ ကော့သောင်း ဒေသအတွင်း သဘာဝအလှ မပျက်ယွင်း သာယာလှပသည့် ပင်လယ်ကျွန်းများတွင် ခေတ်မီဆန်းသစ်သည့် ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ရေအောက် သဘာဝရှုခင်း အလှအပများအား ခံစားရင်း အနားယူ အပန်းဖြေရန် စာမေးပွဲများ ပြီးစီးသည့် ကျောင်းပိတ်ရက်နှင့် အစိုးရ ရုံးပိတ်ရက်ရှည် ကာလအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ခရီးသွား ဧည့်သည် မိသားစုများ၊ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက် လည်ပတ်ကြသည့် ပြည်ပ ခရီးသွားများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

 

 

အထူးသဖြင့် ပြည်တွင်း ခရီးသွား ဧည့်သည်များသည် ကော့သောင်း ဒေသ ပင်လယ်ကျွန်းများရှိ ရီဆောဟိုတယ်များသို့ အနားယူ အပန်းဖြေရန် ပိုမိုစိတ်ဝင်စား အာရုံစိုက်လာခြင်းသည် မြန်မာ့ခရီးသွား ဧည့်သည်များနှင့် အကျွမ်းတဝင် မဖြစ်သေးသည့် ရေငုတ် Snorkeling အပန်းဖြေခြင်း ခံစားမှုအား ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီများမှ ကျွမ်းကျင် Snorkeling လမ်းညွှန်များ၏ သင်ကြားပြသမှုဖြင့် ဧည့်သည်ကိုယ်တိုင် Snorkeling လုပ်နိုင်သည်အထိ သင်ကြားပြသကာ သဘာဝ အလှမပျက် ထူးဆန်းအံ့မခန်းဖွယ်ရာ ပင်လယ်ကြမ်းပြင် ရေအောက်ရှုခင်းများ၊ သန္တာကျောက်တန်းများ၊ ရှားပါးလှပသည့် ငါးမျိုးစိတ် မျိုးစုံတို့အား ကြည်ရှုခံစားလိုသူများ၊ သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်လေရှုရှိုက်ရင်း ကျန်းမာရေးအတွက် အနားယူလိုသူများ၊ မြန်မာနိုင်ငံ တောင်ဘက်စွန်း ဒေများတွင်သာ တွေ့မြင်ခံစားခွင့် ရနိုင်သည့် သာယာလှပသည့် ပင်လယ်ရှုခင်း အလှများကို ခံစားရင်း မိသားစုအလိုက် အပန်းဖြေလိုသူများ တစ်နေ့တစ်ခြား စိတ်ဝင်တစား လာရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ကျော်စိုး (ကော့သောင်း)