ကော့သောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ မလိဝမ်း ကျေးရွာနေ မနန္ဒာလင်းအေး(ခ)မိတုတ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၇၅ ပြားကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့၊ သာယာရေးရပ်ကွက်နေ မြင့်စန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မခင်သန္တာ နှင့် ဟံမင်းထွန်း (ခ)တီးလုံးတို့ကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၂၀၀ နှင့် လေသေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။  ကွင်းဆက်အရ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲ တွင် မြို့မကွက်သစ်ရပ်ကွက်နေ မညွန့်ညွန့်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ နှင့် မြန်မာငွေကျပ် ၉၈၉,၀၀၀ သိန်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(ရဲပြန်ကြား)