ကျေးဇူးပြု၍ အိမ်မှာပဲနေပေးကြပါ

ခိုင်မြဲသူယျ

 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် လူနာကို စတင်တွေ့ရှိသည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရ သည် ယင်းဗိုင်းရပ်စ်ပိုး မကူးစက်စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့်ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေး ညီထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်များအနက် အိမ်မှာပဲနေကြပါ (Stay Home)ဆိုသော ညွှန်ကြားချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

 

ပြည်သူများ အိမ်မှာပဲနေကြပါ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့ဆိုသည့် စဉ်ဆက်မပြတ် ညွှန်ကြားချက်သည်ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားအောင်၊ ကူးစက်မှုမရှိအောင် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော ကာကွယ်ဆေး တစ်လက်လည်းဖြစ်ပေသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်သည်ဆိုသည့်စကားသည် နှစ်ပေါင်းများစွာကတည်းက မှန်ကန်လာခဲ့သော ဆေးလောကမှ အဆိုအမိန့်တစ်ခု ဖြစ်သည်။ ယခုလို ကိုရိုနာရောဂါဖြစ်ပွားနေချိန်တွင် အိမ်ထဲမှ အိမ်ပြင်မထွက် ခြင်းဖြင့် ရောဂါကူးစက်နိုင်မှု ရာခိုင်နှုန်း အင်မတန်နည်းပါး ပေသည်။ ထို့အပြင် အိမ်ထဲမှာနေပေးခြင်းသည် ကိုရိုနာရောဂါကို မိမိအသက်အန္တရာယ်အား အမှုမထားဘဲ စွမ်းစွမ်းတမံကုသပေးနေသောဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပေသည်။ မိမိအပြင်မထွက်ပါက ရောဂါဖြစ်နိုင်ခြေနည်းပါး၏။ ရောဂါမဖြစ်ပါက မိမိမိသားစုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သည် မိမိအတွက် အလုပ်မရှုပ်တော့ပေ။ ဝန်ထုပ်ဝန်ပိုး လည်း မဖြစ်တော့ပေ။ အခြားသူများကိုလည်း မကူးစက် မပျံ့နှံ့တော့ပေ။ ထို့ကြောင့် အိမ်မှာပဲနေခြင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ပြည်သူအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများ“ဟု ချီးကျူးပြောဆိုထားသည့် ဆရာဝန် သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို တစ်နည်းအား ဖြင့် ထပ်ဆင့်ဂုဏ်ပြုပေးရာလည်း ရောက်ပါသည်။ ပို၍ ကြီးကျယ်စွာပြောရလျှင် အိမ်မှာနေခြင်းသည် နိုင်ငံ့တာဝန် ကို တစ်ဖက်တစ်လမ်းမှ လေးလေးနက်နက်နှင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်နေခြင်းဟု ဆိုချင်ပါသည်။ အိမ်မှာ နေခြင်းဖြင့် အခြားသူများထံမှ ကူးစက်နိုင်ခြေနည်းပါး လွန်းသည့်အတွက် မိမိမိသားစုသည်လည်း အန္တရာယ်ကင်းရှင်းသွားပါသည်။ ထို့ကြောင့် အိမ်မှာနေ၍ နိုင်ငံတော်ကထုတ်ပြန်သော ညွှန်ကြားချက်များကို မပေါ့ ဆဘဲ လေးနက်စွာ လိုက်နာဆောင်ရွက်ခြင်းသည် မိမိ မိသားစုကို ကူညီရာ၊ ကယ်တင်ရာ၊ ချစ်ခင်ရာ ရောက်ပါ သည်။

 

အပြင်မထွက်ဘဲ အိမ်မှာပဲ နေထိုင်နေသည့်အတွက် ကောင်းကျိုးများစွာ ရနိုင်ပါသည်။ အရေးအကြီးဆုံးအချက် မှာ လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ ရာနှုန်းပြည့်နီးပါး လွတ်ကင်းသွားခြင်းပင်။ အိမ်မှာနေ၍ အလုပ်လုပ်နေသည် ဆိုပေဦးတော့။ ယခင်က မကြာ ခဏဖြစ်လေ့ရှိသော အလုပ်ခွင် စိတ်ဖိစီးမှု သည်လည်းအတိုင်းအတာတစ်ခုအထိ လျော့ကျလာနိုင်သည်။ အိမ်မှာနေထိုင်နေသောအခါ အားလပ်ချိန်များ ယခင်ထက် ပိုမိုရရှိလာသဖြင့် စာဖတ်ချိန် အလုံအလောက်ရရှိလာ၏။ မိမိစိတ်ပါဝင်စားသော စာအုပ်စာပေများကို ဖတ်ရှုလေ့လာ နိုင်ရုံသာမက မိမိဝါသနာပါသော အသိပညာ၊ အတတ်ပညာ များကိုလည်း အင်တာနက်မှဖြစ်စေး စာအုပ်စာတမ်းများမှ ဖြစ်စေ ပို၍လေ့လာသင်ယူနိုင်၏။ အိမ်မှာပဲ နေထိုင်သော အခါ အိပ်ချိန်များများ ရလာ၏။ ထိုအခါ အိပ်ရေးပျက်ခြင်းကြောင့်ရလာမည့် နေမကောင်းဖြစ်ခြင်း၊ ကျန်းမာရေး ချူချာလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် ဆိုးကျိုးများမခံစားရတော့ဘဲ လူသည် လန်းဆန်း တက်ကြွလျက် အားအင်ပြည့်ဖြိုးနေမည်ဖြစ်၏။

 

ယခင်က အလုပ်ကို အချိန်ပြည့်သွားနေရသူများ၊ နေ့ရောညပါ အလုပ်လုပ်နေရသူများအနေဖြင့်မူ ယခုလိုအချိန်မျိုးတွင် မိသားစုနှင့် အေးအေးဆေးဆေးစကားပြောခွင့်ရလာ၏။ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးဖြင့် မိသားစုအတူနေချိန် ပိုမိုရလာ၏။ မိမိသားသမီးကို ပိုမိုထိန်းကျောင်းခွင့်နှင့် ဂရုစိုက်ခွင့်ပိုရလာ၏။ မိသားစုဝင် အချင်းချင်းကြား စည်းလုံးညီညွတ်မှုနှင့် နားလည်မှု ပိုရှိလာ နိုင်၏။ အပြင်ထွက်ချိန်လျော့နည်းသလောက်ဖြစ်သွားသဖြင့် လမ်းခရီးသွားလာစရိတ်များလည်း ယခင်လိုမကုန်ကျတော့ပေ။ ထို့အပြင် အပြင်တွင် လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး၊ ဘီယာဆိုင်ထိုင်တာမျိုး မရှိတော့သဖြင့် မိမိ၏ တစ်ကိုယ် ရေအသုံးစရိတ်အချို့ လည်း ယခင်လို မကုန်ကျတော့ချေ။ အိမ်တွင် အချိန်ပိုရလာသဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများကိုလည်း လုပ်ဆောင်လာနိုင်၏။ ယခင်က မကြည့် ဖြစ်ခဲ့သော ရုပ်ရှင်၊ ဗီဒီယိုများကို အေးအေးလူလူ ကြည့်ခွင့် ရလာသည့်အပြင် နားမထောင်ဖြစ်သော၊ နားထောင်ချင်သော သီချင်းများကိုလည်း စိတ်ကြိုက်နားထောင်ခွင့်ရှိလာ သည်။ ဘာသာရေးဘက် အားသန်သည့်သူများနှင့် သက်ကြီးရွယ်အိုများအတွက်မူ ဘာသာရေးကို ပိုမိုအလေး ပေး လုပ်ဆောင်လာနိုင်၏။ အိမ်ရှင်မများအတွက် အိမ်မှုကိစ္စများကို ယခင်ထက် အချိန်ပေးပိုမိုလုပ်ကိုင်လာနိုင် သလို အိမ်ထောင်ဦးစီးများအတွက်လည်း အိမ်ဗာဟီရ ကိစ္စများကို ဝိုင်းဝန်းကူညီဖြေရှင်းလာနိုင်၏။ ထို့အပြင် အားလပ်သောအချိန်များကြားတွင် မိမိကိုယ်ကို အကောင်း မြင်စိတ်ဖြင့်တည်ဆောက်ပြီး အပြုသဘောဆောင်သော အနာဂတ်ကို မြော်တွေးရင်ဆိုင်သင့်ပေသည်။

 

ယနေ့ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မား နေသော အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ် စသော နိုင်ငံ အချို့တွင် သက်ဆိုင်ရာအစိုးရ၏အိမ်မှာပဲနေကြပါဆိုသည့် ညွှန်ကြားချက်ကို အလေးမထား ဂရုမစိုက်ဘဲ နေခဲ့ကြ သဖြင့် ယခုလို ကူးစက်မှုနှုန်း ထိပ်ဆုံးသို့ရောက်လျက် လူ့အသက်ပေါင်းများစွာ ပေးဆပ်မှုကြီးမားနေခြင်းပင် ဖြစ်သည်။ အိမ်မှာမနေဘဲ လူစုလူဝေးရှိရာနေရာများသို့ သွားရောက်ကြခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှုန်းသည် တစ်ဦးနှင့်တစ်ဦးဆင့်ပွားပျံ့နှံ့သည့် ကွင်းဆက် ကြီးမားများပြားလာပြီး ယခုလိုအဖြစ်မျိုးရင်ဆိုင်နေရ သည့်နိုင်ငံများကို မျက်မြင်ကြည့်ရှု သင်ခန်းစာ

ကောင်းစွာယူကြရပါမည်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲကို ရင်ဆိုင်နေရသော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဟု ဆိုနိုင် သည့် ဖိလစ်ပိုင်နိုင်ငံမှ သမ္မတ ဒူတာတေးကိုယ်တိုင်ကပင် လျှင် “ အားလုံးကို သတိပေးထားမယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့အမိန့်ဟာသေရေးရှင်ရေး အရေးကြီးပါတယ်။ ဒါကြောင့် ခုချိန်မှာ အစိုးရစကားကို နားထောင်ကြပါ။"ဟု ဧပြီ ၁ ရက် ညပိုင်း၌ ရုပ်မြင်သံကြားမှ နိုင်ငံတော်မိန့်ခွန်း တွင် ပြောကြားခဲ့သည်။ ။

 

ထို့ကြောင့် မိမိတွင် ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွား စေရန် မိမိမိသားစုနှင့်အခြားသူများကို ယင်းရောဂါဆိုးကြီး လက်ဆင့်ကမ်းဖြန့်ပွားမိတာမျိုး မဖြစ်စေရန်အတွက် အပြင်မထွက်ဘဲ အိမ်မှာပဲနေထိုင်ကြရန် အထူးအရေးကြီးလှပေသည်။ နိုင်ငံတော်အစိုးရကထုတ်ပြန်သော သတင်းအချက်အလက်နှင့် အမိန့်၊ စည်းကမ်း၊ ဥပဒေများကို စဉ်ဆက်မပြတ်လေ့လာပြီး လေးစားစွာလိုက်နာနေထိုင် ကြခြင်းသည် နိုင်ငံတော်ကို ကူညီရုံသာမက နိုင်ငံသား အားလုံးကိုလည်း အသက်ဘေးမှ ကူညီကယ်တင်ရာ ရောက်ပါသည်။ အိမ်ထဲမှာ နေထိုင်ခြင်းသည် ကိုဗစ်-၁၉ ကပ်ဆိုးကြီးကို တွန်းလှန်ချေဖျက်ရာ ရောက်ပါသည်။ ကိုဗစ်-၁၉ တိုက်ပွဲ၌ ရှေ့တန်းတိုက်စစ်မှူးများဟုဆိုနိုင်သော ဆရာဝန်၊ သူနာပြု ကျန်းမာရေးဝန်ထမ်းများကို တစ်နည်းတစ်ဖုံ ကာကွယ်ပေးရာ၊ အင်အားဖြည့်တင်းပေးရာ ရောက်ပါသည်။ ထို့ကြောင့် ယခုလို ကိုရိုနာဗိုင်း ရပ်စ်(ကိုဗစ်-၁၉) အကျပ်အတည်းကာလတွင် ပြည်သူများ အနေဖြင့် စိတ်ရှည်သည်းခံစွာ တတ်နိုင်သမျှ ကျေးဇူးပြု၍ အိမ်ထဲမှာသာ နေပေးကြပါ (Stay Home)ဟု တိုက်တွန်း အပ်ပါသည်။ ။

 

ကြေးမုံ