ကျေးရွာဓလေ့များကို ဖော်ကျူးရိုက်ကူးထားသော "ရွာဇော်ကြီး"ရုပ်ရှင် ရုံတင်တော့မည်

ကိုလင်း

 

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်သည့် ဟာသ ဒရာမာဇာတ်လမ်းအဖြစ် ပုံဖော် ရိုက်ကူးထားသော ရွာဇော်ကြီး ရုပ်ရှင်ဇာတ်ကား Red Carpet ရှိုးကို ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့သည်။ အဆိုပါ ဇာတ်ကားကို ၂၀၁၆ ခုနှစ် အတွင်းက ပုပ္ပားနယ်တစ်ဝိုက်နှင့် ပုဂံ တို့တွင် သွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ် ပြီး ယခု ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင် ရုံတင်ပြသမည်ဖြစ်သည်။

 


"ဒီကားလေးက ကျေးရွာဟာသ ပုံစံလေးဖြစ်တဲ့အတွက် အသိုင်းအဝိုင်း တောင့်တောင့်တင်းတင်းနဲ့ ထုတ်လုပ်သူအနေနဲ့လည်း အဲဒီအချိန်က ဘတ်ဂျက်အပြည့် သုံးထားတဲ့ ဇာတ်ကားပါ။ ဒါကြောင့် ဇာတ်ပို့ဇာတ်ရံ ပြည့်ပြည့်စုံစုံ ပါဝင်တာပါ။ ဖျော်ဖြေရေး တစ်ခုပုံစံ ဖန်တီးပေးဖို့ ဟာသကို အခြေခံထားပေမယ့် ဇာတ်သိမ်းပိုင်းကိုတော့ ဒရာမာလေးနဲ့ အဆုံးသတ်ထားပါတယ်။‌ ရွာဇော်ကြီးရုပ်ရှင်ကို ပရိသတ်တွေလာကြည့်ရင် နှစ်နာရီစာလောက်တော့ ဘဝအမောတွေ ပျောက်စေမှာပါ"ဟု ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ပြောသည်။

 


အဆိုပါ ဇာတ်ကား၏ ဇာတ်လမ်း နှင့် ဇာတ်ညွှန်းကို ကိုကျော်ရေးသား၍ ဒါရိုက်တာ ကျော်ဇောလင်း (အတွေး ပုံရိပ်) က ရိုက်ကူးကာ သရုပ်ဆောင်များအနေဖြင့် ‌ နေတိုး၊ အိန္ဒြာကျော်ဇင်၊ နေနော်၊ ယွန်းရွှေရည်တို့နှင့် အတူ ပေါ်လေး၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ ကောင်းစံ၊ ကျင်ဝှက်၊ မျောက်ရှုံး၊ ကြာ စိ၊ အောင်သော်၊ အောင်မော်၊ ရဲလေးမ၊ တင်ဇာဝင်းပြည့်၊ မျိုးမျိုးခိုင်စသည့် ဟာသသရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။