ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ကျောင်းကုန်း ၇ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးနှင့် ကျေးရွာမီးလင်းကော်မတီဉက္ကဋ္ဌ ဉီးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင် က ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့်လျှပ်စစ်မီးရရှိရေးသည် အဓိကကျသည့်လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကိုဗဟိုပြုသော ပြည်သူ့အစိုးရလက်ထက်တွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးနေသကဲ့သို့ ကမ္ဘာ့ဘဏ်ချေးငွေနှင့် NEP စီမံကိန်းဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဉီးကလည်း ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ်တွင် လှည်းဆိပ်ကျေးရွာအုပ်စုအတွင်း ရွာ (၄)ရွာလျှပ်စစ်မီးရရှိရေးအတွက် 11 KV ဓာတ်အားလိုင်း(၃)မိုင်နှင့် ကျောင်းကုန်း-အိမ်မဲလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများအတွက် 11 KVဓာတ်အားလိုင်း(၈)မိုင်ကို တိုင်းဒေသကြီးရန်ပုံငွေကျပ်(၃၀၈)သန်းဖြင့် တည်ဆောက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 

a

 

ဆက်လက်၍ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင် က လှည်းဆိပ်အုပ်စုတွင် ကျေးရွာခွဲ(၁၀)ရွာရှိကြောင်း၊ အိမ်ခြေပေါင်း(၁၄၀၂)စု၊ လူဦးရေ(၅၃၀ဝ)ကျော် ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကြိုးစားဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ မီးရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကျေးရွာမီးလင်းရေးအထိမ်းအမှတ်အလံများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင် က ပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း က ကျေးရွာခွဲ(၁၀)ရွာရှိသည့်အနက် လှည်းဆိပ်ကျေးရွာ၊ ရွာသစ်ကုန်းရွာ၊ မာလာကွင်းရွာနှင့် အုန်းပင်စုရွာ စုစုပေါင်း(၄)ရွာတွင် လျှပ်စစ်မီး လင်းပြီဖြစ်ကြောင်း၊ လှည်းဆိပ်ကျေးရွာတွင် 66/11KV,10 MVA တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ပြီး၊ တည်ဆောက်ပြီးသွားပါက ယခုထက်ပိုမို၍ လျှပ်စစ်မီးအား ကောင်းလာမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဝင်းကြိုင်(ပြန်/ဆက်)