ခွဲခြားဆက်ဆံခြင်းကင်းသော လူမှုအဖွဲ့အစည်း

၂၈ ဒီဇင်ဘာ

 

ခရစ်ယာန်ဓမ္မတေးများ ဟိုနား သည်နားမှာ ကြားရသည့် အချိန်အခါတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ထူးခြားချက်တစ်ခုကို သတိပြုမိပါသည်။ ယင်းမှာ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း နည်းပါးသည့် ဓလေ့ဖြစ်သည်ဟု ဆိုချင်သည်။ လူချင်းဆက်ဆံရေးတွင် အားနည်းချက်အဖြစ် စတတ်နောက်တတ်၊ ရံဖန်ရံခါ အစအနောက်လွန်တတ်သည့် သဘာဝရှိသော်လည်း မိန်းမယောကျာ်း ဆက်ဆံမှု၊ လူမျိုးအသားအရောင် ခွဲခြားဆက်ဆံမှု၊ ကိုးကွယ်ယုံကြည်ရာ မတူသူတို့ကြား ဆက်ဆံမှုတို့မှာ မျှတစွာချစ်ကြည်စွာ ဆက်ဆံတတ်သည်ဟု ထင်သည်။

 

 

မြန်မာနိုင်ငံရှိ မြို့ ကြီး၊ မြို့ငယ်၊ နယ်၊ ရပ်ကွက်၊ ရွာအတော်များများတွင် ယုံကြည်ကိုးကွယ်ရာ မတူညီသူတို့ အတူတွဲလျက် နေထိုင်နေကြတတ်သည်ကို သတိပြုမိပါသည်။ ထိုသို့သော သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအလိုက် စေတီပုထိုး ဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဗလီများ၊ တရုတ်ဘုံကျောင်းများ အစရှိသည့် ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနှင့် ဆိုင်သည့် အဆောက်အအုံများ အတူတွဲလျက်တည်ရှိခြင်းက သက်သေပြနေသည်ဟု မြင်ပါသည်။

 

 

ကျောင်းများ၊ ရပ်ကွက်များတွင်းတွင် ဆက်ဆံပေါင်းသင်း ဆော့ကစားကြသည့် ကလေးများအကြားတွင် အသားအရောင် မတူသောကြောင့်၊ အယူဝါဒဘာသာကွဲပြားမှုကြောင့် အခင်အမင် ပျက်သည်ဟူသည့် အဖြစ်အပျက်မျိုး မကြားဖူးအောင် နှစ်ရှည်ကြာနေခဲ့သည့်နိုင်ငံတော် ဖြစ်ပါသည်။ ထိုသို့သော ငယ်စဉ်ကလေးဘဝကတည်းကခင်မင်ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခဲ့ကြသည့် သူငယ်ချင်းများအကြားတွင် ခရစ္စမတ်အခါတွင် အတူလိုက်ပါ ပျော်ရွှင်နိုင်သလို သီတင်းကျွတ်ကထိန် အလှူပွဲလမ်းများတွင်လည်း လူမျိုးတိုင်းဘာသာတိုင်း လိုက်ပါပျော်ရွှင်ကြသည်တို့ကို သတိပြုမိပါသည်။ တူညီသည့်ဓလေ့ထုံးတမ်းများအကြားတွင် မိမိနှင့်ကိုက်ညီသည့်အခါ လိုက်ပါပျော်ရွှင်၍ မိမိနှင့် မကိုက်ညီသည့်အခါ ဘာသာနေတတ်ကြသည့် အလေ့အထ ဖြစ်ပါသည်။

 

 

ကျောင်းများ၊ ရပ်ကွက်များတွင် အတူရှင်သန်ကြီးထွားလာကြသူများဖြစ်သည့်အတိုင်း အရွယ်ရောက်လာသည့်အခါတွင် မိမိ ပတ်ဝန်းကျင် လူမှုဆက်ဆံရေးနယ်ပယ်တွင် ကိုယ်ယုံကြည်ရာကို ယုံကြည်ခွင့်ရှိသလို မယုံကြည်ရာကို မယုံကြည်ခွင့်ရှိခဲ့ကြသည်။ သူတစ်ပါး၏ ယုံကြည်မှုကို ထိပါးစော်ကားခြင်းမရှိ။ လူမည်းများ မဝင်ရသည့်နေရာများ၊ လူမည်းများ မတက်ရသည့်တက္ကသိုလ်ကျောင်းများ၊ မဲပေးခွင့်မရှိသည့် အမျိုးသမီးများ၊ တက္ကသိုလ်ဝင်ခွင့်မရသည့် အမျိုးသမီးများ စသည်တို့မှာ အမေရိကန်နိုင်ငံလို၊ အင်္ဂလန်နိုင်ငံလို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထူးအလေးထားသည်ဆိုသော နိုင်ငံကြီးများတွင်ပင်လျှင် မနေ့တစ်နေ့ကအထိ ရှိခဲ့သည် မဟုတ်ပါလား။ ဤသည်မျိုး မြန်မာနိုင်ငံတွင် မရှိ။ လူမည်းခေါင်းဆောင် မာတင်လူသာကင်း၏ က္ဘာကျော်သွားခဲ့သည့် ‘ ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်၊ တစ်နေ့ကျရင် လူလူချင်းကျွန်ပြုထားခြင်းခံရတဲ့ ကျွန်တွေဆိုသူများရဲ့ သားသမီးတွေဟာ ကျွန်ပိုင်ရှင်တွေဆိုတဲ့ လူဖြူသားသမီးငယ်များနဲ့ ညီအစ်ကို ရင်းချာများလို စားပွဲဝိုင်းတစ်ခုတည်းမှာ ထိုင်ကြမယ်၊ တစ်နေ့ကျရင် တရားစီရင်ရေးနယ်ပယ်ထဲမှာ လွှမ်းမိုးနေတဲ့ ဖြူလို့မည်းလို့ဆိုတဲ့ အသားအရောင် ခွဲခြားမှုတွေ ပပျောက်သွားမယ်’ ဆိုသော အဓိပ္ပာယ်များပါဝင်သည့် မိန့်ခွန်းစကားဟာ ၁၉၆၃ ခုနှစ်မှာ ပြောခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၃ ထိလူဖြူ လူမည်း ခွဲခြားမှုက အဆိုပါ နိုင်ငံကြီးများတွင် အားကောင်းနေဆဲ။

 

 

လွတ်လပ်ရေးမရမီ ဗြိတိသျှကျွန်ပြုထားခြင်းခံရသော မြန်မာနိုင်ငံထဲမှာ မြန်မာလူမျိုးမဝင်ရသည့် နေရာများ၊ လူဖြူများသာဆိုသောကလပ်များကို အမှတ်ရမိပါသည်။

 

 

မြန်မာတို့၏ လိင်ခွဲခြားမှုမရှိခြင်း၊ အသားအရောင်၊ လူမျိုး ဘာသာခွဲခြားဆက်ဆံမှု နည်းပါးခြင်းတို့ကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလက အမျိုးသမီးခေါင်းဆောင်များကို ကြည့်လျှင် သော်လည်းကောင်း၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ အာဇာနည်ခေါင်းဆောင်များ၊ လွတ်လပ်ရေးခေတ်ဝန်ကြီးများ၊ တပ်မတော်ခေါင်းဆောင်များ စာရင်းတွင် မြင်ရသည့် ဘာသာခြား လူမျိုးမတူသူများကို ကြည့်လျှင်သော်လည်းကောင်း၊ မြန်မာ့စာပေနယ်က မြန်မာစာပေပြန့်ပွားရေး၊ မြန်မာ့သမိုင်းဆိုင်ရာကိစ္စများ၊ ရှေးဟောင်း မြန်မာကျောက်စာများကို ဖော်ထုတ်ရေးသားခဲ့သူများ စာရင်းကို ကြည့်လျှင်သော်လည်းကောင်း တွေ့ရပါမည်။

 

 

ယောကျာ်း မိန်းမ၊ ဟိုလူမျိုး သည်လူမျိုး၊ အသားမည်းသည်၊ အသားဖြူသည်၊ အသားဝါသည်၊ ဟိုဘာသာ သည်ဘာသာ ဟူ၍ခွဲခြား ဆက်ဆံမှုမပြုဘဲ နိုင်ငံသားအချင်းချင်း ချစ်ကြည်ဆက်ဆံခြင်း ဓလေ့၊ နှစ်ပေါင်းများစွာ ရှိခဲ့ကြရခြင်းက မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုဟုပင်မှတ်ယူမိပါ၏။ နိုင်ငံသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးစွာ မခွဲမခြားတန်းတူညီမျှ ဆက်ဆံကြရင်း ယင်းဂုဏ်ယူစရာ အစဉ်အလာဓလေ့ကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေသတည်း။ မြန်မာ့အလင်း