ချောက်မြို့နယ်အတွင်းကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ကျေးရွာ ၁၆ ရွာ၌ ဆောင်ရွက်ပေးမည် 

ချောက်  ၉   နိုဝင်ဘာ   

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ချောက်မြို့နယ် အတွင်းရှိကျေးရွာ(၁၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ချောက်မြို့နယ်အတွင်းရှိကျေးရွာများကို ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည် ဆောင်ရွက်မည့် ကျေးရွာ(၁၆)အနက်မှ  ကန်ရေလေး၊ ကြီးမြင့်(မြောက်) ၊ ကင်ပွန်းခြုံ၊ မြေစွန်း(အနောက်)၊ ပြရွာ၊ ကံတောက်ချောင်း၊ ဂွေးပင်ကြီး၊ နတ်စင်ကန်ကျေးရွာများတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက် ပြီးဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောပြ၍ သိရသည်။

ချောက်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်ထိကျေးရွာပေါင်း ၁၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါစီမံကိန်းဖြင့် ပြရွာ၊ ကန်ရေလေး၊ ကင်ပွန်းခြုံ၊ ကြီးမြင့်(မြောက်)၊ ညောင်နီကျင်း၊ ကံတောက်ချောင်း၊ ဂွေးပင်ကြီး၊ သာယာကုန်း၊ မကျီးကန်၊ ညီးစု၊ နတ်စင်ကန်၊ ပခန်းငယ်၊ ကန်ဆောင်၊ နရွဲတော့(အရှေ့)၊ လွင်ကျယ်ထိန်ကန်၊ မြေစွန်းကျေးရွာများတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်