ချောင်းဆုံမြို့နယ်ရှိ ကျောက်သင်ပုန်းလုပ်ငန်းများ အရောင်းအဝယ်နည်းပါး

ချောင်းဆုံ၊   ၂၅   ဇန်နဝါရီ

 

မွန်ပြည်နယ်  (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှ ထွက်ရှိသည့် ကျောက်သင်ပုန်းကို လူသုံးကုန် ပစ္စည်းများအဖြစ် ဒီဇိုင်းဆန်းများနှင့် တီထွင်ပြုလုပ်ကာ စျေးကွက်ပြန်လည်ရရှိအောင် ပြုလုပ်ခဲ့သော်လည်း ကိုဗစ်ကာလ ခရီးသွားလာမှု မရှိသလောက် နည်းပါးသွားသည့်အတွက် အရောင်းအဝယ်နည်းပါးပြီး ကျောက်သင်ပုန်း ကျောက်ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း သိရသည်။

 

ကျောက်သင်ပုန်းကို သင်ကြားရေး အထောက်အကူပြု ပစ္စည်းအနေဖြင့် အသုံးပြုသူ မရှိသလောက် နည်းပါးသွားသည့် နောက်ပိုင်းတွင် ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ ဒေသခံများက ကျောက်ထွင်း ပန်းချီ၊ ကျောက်သင်ပုန်းပန်းချီ၊ မင်္ဂလာဖိတ်စာ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် အိမ်ဆောက် ပစ္စည်းများအဖြစ်  ပုံစံအမျိုးမျိုးတီထွင်ပြီး မိရိုးဖလာလုပ်ငန်း မပျောက်ကွယ်အောင် လုပ်နေရကြောင်း ကျောက်သင်ပုန်း လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မိုးခိုင်က ပြောပြသည်။

 

ဒီဇိုင်းဆန်းများနှင့် ပြုလုပ်ထားသည့် ကျောက်သင်ပုန်းများကို ပြည်တွင်း ခရီးသွားများ သာမက ပြည်ပ ခရီးသွားများကပါ စိတ်ဝင်တစား လာရောက်လေ့လာ ဝယ်ယူကြပြီး ကိုဗစ်−၁၉ ကြောင့် ခရီးသွားလာမှု မရှိသလောက် နည်းပါးသွားသည့်အတွက် အရောင်းအဝယ် နည်းပါးသွားကြောင်း  မုဒွန်းကျေးရွာရှိ မှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်မှ သိရသည်။  

 

မုဒွန်းကျေးရွာ မုဆိုးမတောင်မှ ထွက်ရှိသည့် သင်ပုန်းကျောက်များကို ၁၉၄၅ ခုနှစ်မှ စတင်၍ မုဒွန်းကျေးရွာ တစ်ရွာလုံးနီးပါး ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပြီး အရောင်းအဝယ် နည်းပါး လာသည်နှင့်အမျှ လုပ်ကိုင်သူနည်းပါးလာပြီး လက်ရှိတွင် လုပ်ငန်းရှင် ၁၀ ဦးခန့်သာ မိရိုးဖလာ မကွယ် ပျောက်အောင် ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

 

ကေအေ(ချောင်းဆုံ)