ချောင်းသာမြို့၌ နှစ်ဦးဓမ္မပူဇာသဘင်ပွဲ ဆင်ယင်ကျင်းပမည်

ချောင်းသာ ဧပြီ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ရက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှူးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲကို ယနေ့ ဧပြီ ၂၂ ရက်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းဓမ္မပူဇာသဘင်တရားပွဲအား ၁၃၈၆ ခု တန်ခူးလဆန်း ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက်နေ့)မှ ၁၃၈၆ ခု တန်ခူးလဆုတ် ၃ ရက်နေ့ (၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်နေ့)အထိ ငါးညတိုင်တိုင် ဆင်ယင်ကျင်းပမည်ဖြစ်ပြီး တရားပွဲတော် ပထမညတွင် ဆရာတော်အရှင်ဝိမလ (သာသနဓဇဓမ္မာစရိယ)၊ ဓမ္မပါလပရဟိတအသင်း၏ ဦးဆောင်နာယကဆရာတော်က တရားဒေသနာတော်များ ဟောဖော်ညွှန်ပြသွားမည်ဖြစ်ပြီး ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာ (M.A.Ph.D(India)၊ သာသနဓဇဓမ္မာစရိယ၊ ဘီအိုစီ)၊ ဆရာတော်အရှင်ပညာနန္ဒ (B.A)Buddhism (SIBA.Myanmar)၊ သာသနဓဇဓမ္မာစရိယ၊ ဆရာတော်အရှင် ကောဝိဒ (သဒ္ဓမ္မ‌ဇောတိက၊ သာသနဓဇဓမ္မာစရိယ)၊ ဆရာတော်အရှင်ဝိဇယ (တိုင်းသံဃာနာယကဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး) စသည့် သံဃာတော်အရှင်သူမြတ်တို့မှ တရားဓမ္မများအား ညစဉ် ဟောကြားသွားမည်ဖြစ်သည်။

 

အဆိုပါ ဓမ္မသဘင်ပွဲသို့ လာရောက်ကြမည့် တရားနာပရိသတ်များအား ဓမ္မပါလပရဟိတအသင်းနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော ပရဟိတအသင်းများနှင့် အသင်းသူ၊ အသင်းသားများက မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် အကြို/အပို့ ကုသိုလ်ပြု ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)