ချောင်းဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများတွင် ဖြည့်စွက်ရန်ကျန်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ အချိန်မီ ဖြည့်သွင်းပြီးစီးရေး ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်

ချောင်းဦး    ၂၉  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများတွင် ဖြည့်စွက်ရန် ကျန်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်များ အချိန်မီ ပြီးစီးရေး  ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က မဲဆန္ဒရှင် စာရင်းများတွင် ဖြည့်စွက်ရန်ကျန်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ မှန်ကန် မြန်ဆန်စွာဖြင့် အချိန်မီ ဖြည့်သွင်းပြီးစီးရေးအတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် ဆွေးနွေးသည်။

 

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထွန်းအောင်က ချောင်းဦးမြို့နယ် အနေဖြင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း အရေအတွက်မှာ (၈၆၃၀၈)ဦး ရှိပြီး ကိုင်ဆောင်လက်မှတ်အမှတ် ဖြည့်စွက်ရန်ကျန်သည့် မဲဆန္ဒရှင် စာရင်းမှာ (၁၁၇၅၂)ဦး ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် အုပ်စုများခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ မဲဆန္ဒရှင် ပြည်သူများထံ အိမ်တိုင်ရာရောက် မေးမြန်းဖြည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ အားလုံးက ဝိုင်းဝန်းပူးပေါင်းပေးစေလိုကြောင်း ဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသူများ၏ ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

 

ချောင်းဦးမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် ကိုင်ဆောင်လက်မှတ်အမှတ်၊ နိုင်ငံသား စီစစ်ရေး ကတ်ပြားအမှတ် ဖြည့်စွက်ရန်ကျန် နေသည့် (၁၁၇၅၂)ဦး၏ အမှတ်များကို သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဇူလိုင်လ(၂၉)ရက်နေ့က စတင်ကာ ကွင်းဆင်းဆောင်ရွက် နေကြောင်း သိရသည်။

 

ယမင်း (ရွှေဦးမြေ)