ခေါင်းကိုက်လာရင် နှိပ်ပေးသင့်တဲ့ နေရာများ

ရေးသားသူ Arkar Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခေါင်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် ခေါင်းကိုက်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ခေါင်းကိုက်လာရင် ဆေးဝါးတွေ၊ ကုသမှုတွေသုံးပြီး ပျောက်ကင်းအောင် ကုသနိုင်သလို စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေထိုင်ခြင်းဖြင့်လည်း ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်တဲ့ အမျိုးအစားတွေကတော့ ၁၅၀ လောက်ရှိပြီး အတွေ့ရများတဲ့ primary headaches (၃) မျိုးက တော့

၁။ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension headaches)

ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာဟာ နဖူး၊ ဦးခေါင်းနောက်နဲ့ လည်ပင်းတို့မှာ အနည်းငယ် နာကျင်တင်းကြပ် နေပြီး ဖိအားကိုပါခံစားရတဲ့ ခေါင်းကိုက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အမြင်သာဆုံး ဥပမာ-ပြောရမယ်ဆိုရင် ပြုတ်တူနဲ့ ခေါင်းကို ညှပ်ထားသကဲ့သို့ခံစားရမှာ ဖြစ်ပါတယ်။ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဟာ အတွေ့ရအများဆုံး ခေါင်းကိုက်ခြင်း ဝေဒနာတစ်မျိုးဖြစ်ပြီး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာလို့လည်း ခေါ်ကြပါတယ်။ WHO (World Health Organization) ရဲ့ စစ်တမ်းအရတော့ ကမ္ဘာပေါ်က လူအယောက် ၂၀ မှာ ၁ ယောက်ခန့်က နေ့စဉ် ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ဒီခေါင်းကိုက်ခြင်းအတွက် ကုသနည်းတွေကတော့ အများအပြားရှိပြီး ပုံမှန်အားဖြင့်တော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်များကို ကျင့်သုံးခြင်းနဲ့ ဆေးဝါးမပါတဲ့ကုသမှုများ ပြုလုပ်ပေးရုံနဲ့ ပျောက်ကင်း သွားတတ်ပါတယ်။ ဒီလို ခေါင်းကိုက်တဲ့ အမျိုးအစားတွေ အတွက်ကတော့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ ပါရာစီတမော (acetaminophen)၊ အက်စပရင် (aspirin)၊ အိုက်ဗျူပရိုဖင် ( ibuprofen) နဲ့ နပရိုဇင်( naproxen) လိုဆေးတွေ သောက်သုံးခြင်းဖြင့် ကုသနိုင်ပါတယ်။ ဒါပေမဲ့ သတိထားရမှာ တစ်ခုကတော့ ဒီလိုဆေးတွေကို အများအပြားသောက်နေရင်တော့ ကုသရခက်တဲ့ ခေါင်းကိုက်မှုတွေကို ထပ်မံ ခံစားရနိုင်ပါတယ်။ ဒီတော့ ကိုယ်က ခေါင်းခဏခဏ ကိုက်တတ်တဲ့ လူတစ်ယောက်ဆိုရင် ဒီဆေးတွေအပေါ်ပဲ မမှီခိုဘဲနဲ့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ ဒါအပြင် အသက် ၁၉ နှစ်အောက် ကလေးတွေဆိုရင် အက်စပရင် (aspirin) ဆေးသောက်မယ်ဆိုရင် Reye’s syndrome ဆိုတဲ့ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါ ဖြစ်စေနိုင်တဲ့ အတွက် ရှောင်ရှားသင့်ပါတယ်။

၂။ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း (Migraine headaches)

Migraine headaches လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်တဲ့ ရောဂါတွေကတော့ ဒုတိယ အတွေ့ရများတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူကြီးတွေအပြင် လူငယ်တွေမှာလည်းဖြစ်တတ်တဲ့ ခေါင်းကိုက် ရောဂါပါ။ ခေါင်းတစ်ခြမ်း အပြင်းအထန် ကိုက်တဲ့ဝေဒနာမှာဆိုရင် တစ်ဒုတ်ဒုတ်နဲ့ ခေါင်းကိုက်နေတဲ့ ဝေဒနာကို အထူးသဖြင့် ခေါင်းတစ်ဖက်ခြမ်းမှာ ခံစားရမှာ ဖြစ်ပြီး ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံတွေကို မခံနိုင်တာမျိုးတွေ ခံစားရမှာပါ။ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာတွေဟာ နာရီပိုင်းကနေ ရက်ပိုင်းအထိ ကိုက်ခဲနေတဲ့ ဝေဒနာမျိုးတွေဖြစ်ပြီး ခေါင်းကိုက်ချိန်မှာဆိုရင် မလှုပ်နိုင်၊ မကိုင်နိုင်ဖြစ်သည်အထိ ခံစားရနိုင်ပါတယ်။ ခေါင်းမကိုက်ခင်မှာ သတိပေးလက္ခဏာတွေဖြစ်တဲ့ အလင်းရောင်ဖြတ်ခနဲ့ မြင်လိုက်ရခြင်း၊ မိုက်ခနဲ ဖြစ်သွားခြင်းနဲ့ မျက်နှာ၊ လက်၊ ခြေထောက်တစ်ခြမ်းမှာ တစ်ဆစ်ဆစ်ခံစားရတဲ့ ဝေဒနာတွေကို ခံစားရနိုင် ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာတွေကို လျော့ပေးစေနိုင်ပြီး ကာကွယ်နိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ကိုယ်က ခေါင်းခဏခဏ ကိုက်တတ်သူ တစ်ယောက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပြီး မှန်ကန်တဲ့ ဆေးဝါးများနဲ့ မိမိကိုယ်ကို ကုသခြင်းဖြင့်လည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

၃။ ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်း (Cluster headaches)

ခေါင်းတစ်ဆစ်ဆစ်ကိုက်တဲ့ ဝေဒနာဆိုတာ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension headaches) နဲ့ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း (Migraine headaches) တို့နဲ့ ယှဉ်ရင် ခေါင်းကိုက်တဲ့အချိန်က နည်းနည်းတိုပေမဲ့ နေ့တိုင်းမှာ အချိန်တိုင်းလိုလို ဆက်တိုက်ခေါင်းကိုက်နေတဲ့ ဖြစ်စဉ်ကိုခေါ်တာပါ။ ဒီခေါင်းကိုက်ခြင်းဟာ primary headache တွေထဲမှာမှ ရှားပါးတဲ့ ခေါင်းကိုက်ဝေဒနာတစ်မျိုး ဖြစ်ပြီး အမျိုးသားတွေ ၂၀ ကျော်တာနဲ့ အများဆုံး ခံစားကြရလေ့ရှိပါတယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို သေချာ မသိရသေးပေးတဲ့ မျက်နှာတွင်းက  အာရုံကြောတွေပါ ပါဝင်တဲ့အတွက် မျက်လုံးတစ်လုံးနားမှာ ပြင်းထန်တဲ့ ဝေဒနာကိုခံစားရနိုင်ပါတယ်။ ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းဟာ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း ထက်တောင် ပိုပြင်းထန်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ခေါင်းကိုက်ချိန်ဆို မတ်တပ်မရပ်နိုင်လောက်အောင် ပြင်းထန်ပါတယ်။ ဒီလို ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းဟာ နှစ်တစ်နှစ်ရဲ့ တူညီတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိတာကြောင့် လူတော်တော်များများက ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းကို စိတ်ဖိစီးမှုနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာတို့ကြောင့် ဖြစ်ရတာဖြစ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ ဒီလို ခေါင်းတစ်ဆစ်ဆစ်ကိုက်တဲ့ ဝေဒနာတွေဟာ လအနည်းငယ်၊ နှစ်ချီပြီး ပျောက်သွားလေ့ရှိပြီး သူပြန်ဖြစ်နေကျတဲ့အချိန်မှာ ပြန်လည် ဖြစ်ပွားတတ်ပါတယ်။ သာမန်အကိုက်အခဲ ပျောက်ဆေးတွေသောက်ရင် အမြန်မသက်သာနိုင်ဘဲ အောက်စီဂျင် လုံးဝ သန့်သန့်ကို ရှူမယ်ဆိုရင် ခေါင်းတစ်ဆစ်ဆစ်ကိုက်တာ သက်သာသွားနိုင်ပါတယ်။

 

ခေါင်းကိုက်လာရင် နာကျင်မှုနဲ့ မအီမသာ ဖြစ်မှုကိုပါ ခံစားရတယ်ဆိုတာ လုံးဝ ပုံမှန် ဖြစ်စဉ်တစ်ခုပါပဲ။ သင့်အနေနဲ့ ခေါင်းကိုက်ခြင်းကို သဘာဝ နည်းလမ်းတွေနဲ့ ကုသချင်တယ်ဆိုရင် လက်ချောင်းများနဲ့နှိပ်ပြီး ကုသလို့ရတဲ့ နေရာတွေကို သိထားသင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်က အမှတ်တွေဟာ အာရုံ ခံစားနိုင်စွမ်း အထူးမြင့်မားတဲ့ နေရာတွေဖြစ်ပြီး ခန္ဓာကိုယ်တွင်း နာကျင်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။ Reflexology လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ခြေထောက်များကိုနှိပ်ပေးပြီး နာကျင်မှုကို သက်သာစေအောင် ကုသပေးတဲ့ တရုတ်ဆေးပညာ နည်းစနစ်အရတော့ ဒီလိုခန္ဓာကိုယ်ထဲက သတ်မှတ်ထားတဲ့ နေရာတွေကို နှိပ်ပေးခြင်းဟာ

  ကျန်းမာရေးကောင်းစေခြင်း၊

  နာကျင်မှုကို ပြေလျော့စေခြင်း၊

  ခန္ဓာကိုယ်တွင်း ဟန်ချက်ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

Reflexology ဆိုတာ လူခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်သွယ် နေသလဲဆိုတာ လေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။ ဥပမာ-ခန္ဓာကိုယ်ရဲ့ လက်လိုမျိုး သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်ပေါ်က ဖိအားမှတ်တွေကို နှိပ်ပေးခြင်းဖြင့် နာကျင်မှုကို ပြေလျော့စေမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေလည်း ဒီလိုနေရာတွေကိုသိထားပြီး မှန်မှန်ကန်ကန် နှိပ်တတ်မယ်ဆိုရင် ခေါင်းကိုက်ခြင်းကို ဘာဆေးဝါးမှ မလိုဘဲကုသနိုင်မှာပါ။ ဒီစာထဲမှာတော့ သိပ္ပံနည်းအရ မှန်ကန်တဲ့ ဖိအားမှတ်တွေနဲ့ ဘယ်လို မှန်မှန်ကန်ကန် နှိပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ ဖော်ပြပေးသွားမှာပါ။

သိပ္ပံနည်းအရ ဖိအားမှတ်တွေနဲ့ ခေါင်းကိုက်ခြင်း။

Reflexology ကိုသုံးပြီး ခေါင်းကိုက်ခြင်းကို ကုသတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားတဲ့ နည်းစနစ်တော့ အခုချိန်ထိ မရှိသေးပါဘူး။ ဒါပေမဲ့ ခေါင်းနဲ့ပုခုံးပေါ်က အမှတ်တွေကို နှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ကြောင်း လေ့လာထားတဲ့ လေ့လာချက် အနည်းငယ်တော့  ရှိနေပါတယ်။

 

 

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ် ပြင်းထန်စွာ ခေါင်းကိုက်နေတဲ့ လူလတ်ပိုင်း အရွယ်တွေကို နှိပ်နယ်ပေးခြင်းက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို အဖွဲ့အစည်းတစ်ခုက ၂၀ဝ၂ ခုနှစ်မှာတော့ လေ့လာခဲ့ပါတယ်။ အဲ့ဒီ လေ့လာချက်မှာတော့ နှိပ်နယ်ပေးခြင်းက ကုသမှု ပထမအပတ်အတွင်းမှာ ခေါင်းကိုက်ခြင်း အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ကုသမှု အပြီးမှာတော့ လူနာတွေဟာ တစ်ပတ်ကို ၇ ကြိမ်ခေါင်းကိုက်နေရာမှ တစ်ပတ်ကို ၂ ကြိမ်သာ ခေါင်းကိုက်တော့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လူနာတွေရဲ့ ခေါင်းကိုက်ကြာချိန်ကလည်း တစ်ပတ် ၈ နာရီမှ ၄ နာရီ အထိ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။ တခြားသော လေ့လာချက်တွေမှာလည်း နာတာရှည် ခေါင်းကိုက်နေတဲ့သူတွေကို ကျွမ်းကျင်လက်မှတ်ရထားတဲ့ အနှိပ်သည်များက နှိပ်ပေးတဲ့အခါမှာ ခေါင်းကိုက်တဲ့ အကြိမ်အရေအတွက်၊ ကြာချိန် နဲ့ ခေါင်းကိုက်မှု ပြင်းအားကိုပါ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Hello Sayarwon ပရိတ်သတ်ကြီးထဲမှာလည်း ခေါင်းပုံမှန် ကိုက်တတ်သူတွေရှိရင် ခဏတာ သက်သာစေရန်အတွက် အာရုံကြောကို လှုံ့ဆော်ပေးနိုင်တဲ့ အမှတ်များကို ဖော်ပြလိုက်ပါတယ်။

ခေါင်းကိုက်ခြင်းမှ သက်သာစေရန် ဒီ လှုံ့ဆော်မှတ်တွေကို ဘယ်လို အသုံးပြုရမလဲ။

ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်တယ်လို့ သတ်မှတ်ထားတဲ့ လှုံ့ဆော်မှတ်တွေ ခန္ဓာကိုယ်မှာ ရှိပါတယ်။ အဲ့ဒီအမှတ်တွေကတော့

၁။ လက်မနဲ့ လက်ညိုးကြားက လက်ကြား အရေပြား တွင်ရှိသောအမှတ် (Union valley)။

 

 

 

 

Union valley ဆိုတာ လက်မနဲ့ လက်ညိုးကြားက လက်ကြား အရေပြား မှာ တည်ရှိတဲ့ လှုံ့ဆော်မှတ်ပါ။ ခေါင်းကိုက်တာကိုကုဖို့အတွက်တော့

  ဒီနေရာကို တစ်ဖက်လက်က လက်မနဲ့ လက်ညိုးဖြင့် အားပါပါ နဲ့ မနာကျင်စေဘဲ ၁၀ စက္ကန့် ခန့် ဖိပေးထားပါ။

အဲ့နောက် လက်မဖြင့် Union valley ကြားကို စက်ဝိုင်းပုံစက် နာရီလက်တံအတိုင်း ၁၀ စက္ကန့်ခန့် လှည့်ပေးပါ။

ထို့နောက် နာရီလက်တံလားရာ ဆန့်ကျင်ဘက်ဖြင့် ၁၀ စက္ကန့် ခန့်လှည့်ပေးပါ။

  ထို့နောက်တစ်ဖက်လက်မှ Union valley မှတ်ကို အပေါ်က လုပ်ဆောင်ပုံတွေ အတိုင်း ပြန်ပြုလုပ်ပေးပါ။

  များသောအားဖြင့် တင်းအားများကြောင့် ခေါင်းကိုက်ရတာပါ။ ဒီလက်မနဲ့လက်ကြားက အမှတ်ဟာ ခေါင်းနဲ့လည်ပင်းမှာရှိတဲ့ တင်းအားတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။

၂။ နှာတံနဲ့ မျက်ခုံးမွှေးဒေါင့်ဆုံး ဆုံရာ အမှတ် (၂) ခု (Drilling bamboo)

 

 

 

ဒီမှတ် ၂ ခုဟာ နှာတံရိုးနဲ့ မျက်ခုံးမွှေးဒေါင့်ဆုံရာမှ အမှတ်တွေဖြစ်ပြီး ဒီအမှတ်တွေကို သုံးကာ ခေါင်းကိုက်ခြင်းကို ကုသလို့ရပါတယ်။

လက်ညိုး ၂ ဖက်လုံးကို ဒီအမှတ် တစ်ခုစီမှာ ဖိအားနဲ့ ဖိပေးထားပါ။

  ၁၀ စက္ကန့်ခန့် ကြာပါစေ။

လက်လွှတ်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ပါ။

ဒီနည်းလမ်းက မျက်လုံးညောင်းခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းမျိုး၊ ဦးခေါင်းခွံအတွင်းက နှာခေါင်းပေါက် လေလမ်းကြောင်း နာကျင်ခြင်းများကြောင့် ဖြစ်တဲ့ ခေါင်းကိုက်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

၃။ ဦးခေါင်းခွံနောက်ဘက် အချိုင့် ၂ ခုမှ ဖိအားမှတ်များ။ (Gates of consciousness)

 

 

ဒီအမှတ်တွေဟာ ဦးခေါင်းခွံနောက်ဘက်က အချိုင့် ကြားထဲမှာ တည်ရှိတဲ့ အမှတ်တွေ ဖြစ်ပါတယ်။

ဒီအမှတ်တွေ သုံးပြီး ခေါင်းကိုက်ခြင်းကို ကုသမယ်ဆိုရင်တော့

လက်ညိုးနဲ့ လက်ခလယ် နှစ်ချောင်းကို ဒီအမှတ်များပေါ် ဖိထားပါ။

ဦးခေါင်းဘက်ခြမ်းကိုပဲ ဖြစ်ဖြစ်၊ ဘေးဘက်ခြမ်းကိုပဲ ဖြစ်ဖြစ် ဦးတည်ပြီး ၁၀ စက္ကန့်ခန့် ဖိပေးထားပါ။

  ၁၀ စက္ကန့် ပြည့်သွားရင် လွှတ်လိုက်ပြီး နောက်ထပ်တစ်ခါ ထပ်လုပ်ပါ။

ဒီအမှတ်များကို နှိပ်ပေးခြင်းဖြင့် လည်ပင်းမှ အကြောများတင်းခြင်းကြောင့် ဖြစ်ပေါ်တဲ့ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

၄။ မျက်ခုံးမွှေး ၂ ခုကြား အလယ်တည့်တည့်က အမှတ်။ (Third eye)

 

 

 

ဒီအမှတ်ဟာ မျက်ခုံးမွှေး ၂ ခုကြား နှာရိုးက နဖူးနဲ့ လာဆုံတဲ့ နေရာမှာ တည်ရှိတဲ့ အမှတ်ဖြစ်ပါတယ်။

လက်ညိုးတစ်ချောင်းဖြင့် ဒီအမှတ်ကို ၁ မိနစ်ခန့် ဖိပေးထားပါ။

ဒီအမှတ်ကို ဖိပေးထားခြင်းဖြင့် မျက်ကြောညောင်းခြင်းနဲ့ ဦးခေါင်းခွံအတွင်းက လေဝင်လမ်းကြောင်း ဖိထားခံရခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

၅။ ပခုံးစွန်းနဲ့ လည်ပင်း အလယ်တည့်တည့်က အမှတ် (Shoulder well)

 

 

 

 

ဒီအမှတ်ဟာ ပခုံးစွန်းနဲ့ လည်ပင်းအရင်းတို့ရဲ့ အလည်တည့်တည့်မှာ တည်ရှိပါတယ်။ ဒီအမှတ်ကို ဖိပြီးခေါင်းကိုက်ခြင်းကို ကုသမယ်ဆိုရင်

လက်မ တစ်ဖက်နဲ့ ဒီအမှတ်ပေါ်ကို စက်ဝိုင်းပုံသဏ္ဍာန်ဖိအားနဲ့ ၁ မိနစ်ခန့် ဖိထားပါ။

  အဲ့နောက် တစ်ခြား တစ်ဖက်ကိုလည်း အဲ့လိုပဲ ဖိပေးပါ။

ဒီအမှတ်ကို ဖိပေးခြင်းဟာ သင့်ရဲ့လည်ပင်းနဲ့ ပုခုံးပေါ်က တောင့်တင်းခြင်းတွေကို ပြေလျော့စေနိုင်ပြီး လည်ပင်းနာကျင်မှုနဲ့ ခေါင်းကိုက်ခြင်းကို တားဆီးနိုင်ပါတယ်။

 

ဒီလို ဖိအားမှတ်တွေသုံးပြီး ခေါင်းကိုက်တာကို ကုသပေးနိုင်တဲ့ စနစ်တွေဟာ သေချာလေ့လာထားရတဲ့ ကုသမှုတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခေါင်းနဲ့ပုခုံးတွေကို နှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို ပြေလျော့စေ နိုင်တယ်ဆိုတာကို လေ့လာထားတဲ့ လေ့လာချက်အနည်းငယ်တော့ရှိပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်လာရင် ဒီနည်းလမ်းတွေသုံးပြီး အရင်ဆုံးသက်သာအောင် ပြုလုပ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှိပ်ပညာဟာ ခန္ဓာကိုယ်ထဲ ဘာဆေးဝါး၊ ဘာဆေးထိုးအပ်မှ မထည့်သွင်းရဘဲ ခေါင်းကိုက်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းဖြစ်တာကြောင့် အန္တရာယ်မရှိတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ ဒီကုသမှုတွေဟာ ရေတိုကုသမှုသာ ဖြစ်ပြီး ခေါင်းကိုက်တာ ပြင်းထန်မယ်၊ ထပ်တလဲလဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"