ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည့် ထရစ်ပီယာ

နယူးကာဆယ်အသင်းမှ ခံစစ်ကစားသမားတစ်ဦးဖြစ်သူ ထရစ်ပီယာသည် တနင်္ဂနွေနေ့က  အက်စ်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့် ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။

အင်္ဂလန် ခံစစ်ကစားသမား ထရစ်ပီယာသည် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် အက်သလက်တီကို မက်ဒရစ် အသင်းမှ ပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် လက်ရှိ နယူးကာဆယ်အသင်းတွင် အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် ရှိနေပြီး အဲဗာတန်၊ အက်စ်စတွန်ဗီလာ အသင်းတို့ကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အလွတ် တည်ကန်ဘောမှတစ်ဆင့် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့အပြင် နယူးကာဆယ်အသင်းနည်းပြ ဟိုဝီသည် ပြီးခဲ့သည့် အက်စ်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် လပ်စ်ဆဲလ်လပ်စ်ပါဝင်လာနိုင်ခြင်း မရှိသည့်အတွက် ထရစ်ပီယာကို အသင်း ခေါင်းဆောင်အဖြစ် ကစားစေခဲ့သည်။

နယူးကာဆယ်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် ၁၀ မှတ်အထိ စုဆောင်း ရရှိထားပြီး တန်းဆင်းဇုန်အသင်းနှင့် လေးမှတ်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။ နယူးကာဆယ် အသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အောင်ဇော်