ချွေတာသုံးစွဲကြပါ ရွှေပြာ  

 

မောင်သာယာ

 

ယနေ့အချိန်အခါတွင်   ရာသီဥတု ပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးပူနွေး လာမှုနှင့်အတူ မြစ်ချောင်းများ ရေခန်း ခြောက်မှုများနှင့် သဲကန္တာရဖြစ်ထွန်းမှုများ ပိုမိုများပြားလာလျက်ရှိသည်။ ရာသီဥတုပြောင်းလဲလာ၍ မြေမျက်နှာ ပြင်၊ မြစ် ချောင်း အင်းအိုင်၊ ရေကန်တို့၏ မျက်နှာပြင်တွင် အငွေ့ပြန်မှု ပိုမိုဖြစ်ပွား သည်။  အပူချိန်များသော  ဒေသများရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် ရေပိုမိုသုံးစွဲရသည်။ ထိုသို့ကမ္ဘာကြီးသည် တစ်နေ့တခြား ပိုမိုပူနွေးလာမှုကြောင့် နောက်ဆက်တွဲ ပြဿနာများတွင် အဆိုးရွားဆုံးနှင့် အဓိကရင်ဆိုင်ရမည့် ပြဿနာမှာ ရေရှားပါးမှုပြဿနာ ဖြစ်သည်။ မိုးခေါင်ရေရှားမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာမှုကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် ရေအငတ်ဘေးကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ကြေညာထားသည်။ 

ရေရှားပါးမှုပြဿနာမှာ ကမ္ဘာ့နေရာဒေသအတော်များများတွင် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင် ကြုံတွေ့နေရသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှုပြဿနာများ ပိုမိုကြုံတွေ့ရလေ့ရှိသည်။ ယခုရက်များ အတွင်းမှာပင် သောက်သုံးရေရှားပါး သည့် ပုဂံ-ညောင်ဦးဒေသရှိ ကျေးရွာများသို့ ရေသွားရောက်လှူဒါန်းသည့်သတင်းများကို တွေ့နေရပြီဖြစ်သည်။

ရေသည် လူသားတို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးကြီးဆုံးအရာ တစ်ခုဖြစ်သည်။ “ထမင်းအသက် ခုနစ်ရက် ရေအသက်တစ်မနက်ဟု ဆိုစမှတ်ပြုထားကြသည်အထိ အရေးပါလှသည်။ ရေမသောက်ရ၊ ရေမသုံးရလျှင် လူနှင့် သက်ရှိသတ္တဝါအားလုံး ရှင်သန် နိုင်မည်မဟုတ်ပေ။ ထို့ပြင် ရေမရှိလျှင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများလည်း လုပ်ကိုင်နိုင်မည်မဟုတ်ချေ။

 

ရေကိုအလေးထားမှုနှင့် ပထဝီနိုင်ငံရေးအခက်အခဲများ

 

တစ်ချိန်က သစ်ကိုအကြောင်းပြု၍ စစ်ပွဲများဖြစ်ခဲ့ကြသည်။ ထို့နောက် ရေနံကိုအကြောင်းပြု၍ စစ်ပွဲများဖြစ်ပွား ခဲ့ကြပြန်သည်။ ၂၁ ရာစုတွင် ရေသည်ရေနံထက် တန်ဖိုးရှိသော သယံဇာတ ဖြစ်လာဖွယ်ရှိပြီး အနာဂတ်စစ်ပွဲများ သည် ရေကိုအကြောင်းပြု၍ တိုက်ခိုက်ရသော စစ်ပွဲများဖြစ်လာဖွယ်ရှိသည်ဟု ပညာရှင်များက ဟောကိန်း ထုတ်ထားကြသည်။ ၂၀ ရာစု၏ အဓိကစီးပွားရေး ကုန်စည်သည် ရေနံဖြစ်သကဲ့သို့ ၂၁ ရာစု ၏ ကုန်စည်သည် “ရေ ဖြစ်လာတော့မည်။ လူဦးရေတိုးပွားလာမှုကြောင့် ရေသည်သေရေးရှင်ရေးတမျှ အရေးပါသော အရင်းအမြစ်ဖြစ်လာသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် နေရာဒေသအတော်များများတွင် မိုးခေါင်ရေရှား ဖြစ်ပေါ်မှုများက အဆိုပါဟောကိန်း မှန်ကန်ဖွယ်ရှိကြောင်း နိမိတ်ပြလျက်ရှိသည်။

၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲသည် ရေချိုရရှိရေး ကို အခြေခံသည်။ ဂျော်ဒန်မြစ်အနောက် ဘက်ကမ်းကို ပိုင်ဆိုင်သော အစ္စရေးများ က အက်ကွီဖာတောင်စောင်းမှ ဂျော်ဒန် မြစ်ဝှမ်းလွင်ပြင်အထိ မြစ်၏ ၇၀ ရာခိုင်နှုန်းကို အသုံးပြုနေကြသည်။ အာရပ်-အစ္စရေးပြဿနာမှာ မြေယာနယ်နိမိတ်ပြဿနာဆိုခြင်းထက် အဆိုပါ နယ်နိမိတ်အတွင်းရှိသည့် ရေအရင်း အမြစ်ပြဿနာကြောင့် ပို၍ဖြစ်နိုင်ခြေ ရှိသည်။

ရေနှင့်ပတ်သက်၍ အလေးထားမှုနှင့် ပထဝီနိုင်ငံရေးအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။ ဥပမာ ပြရမည်ဆိုလျှင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အီဂျစ်နှင့် အီသီယိုးပီးယားနိုင်ငံတို့သည် နိုင်းမြစ်ရေ အသုံးပြုမှုနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်ခဲ့ရသည်။ လူဦးရေ သန်း ၁၀၀ ကျော်ခန့်ရှိကြသည့် အီဂျစ် နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် နိုင်းမြစ်ရေကို အဓိကအားကိုးနေရသည့် နိုင်ငံများဖြစ်ကြသည်။ အီဂျစ်နိုင်ငံတွင်းသို့ စီးဝင်သည့် နိုင်းမြစ်ရေ ၈၅ ရာခိုင်နှုန်းသည် အီသီယိုးပီးယားနိုင်ငံတွင် မြစ်ဖျားခံသည်။ ပြဿနာမှာ အီသီယိုးပီးယားနိုင်ငံက Grand Renaissance Dam ရေကာတာ တည်ဆောက်ခဲ့မှုကြောင့် နိုင်းမြစ်အတွင်း စီးဆင်းမည့် ရေပမာဏ သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် အီဂျစ်နိုင်ငံ သည် သောက်သုံးရေနှင့် စိုက်ပျိုးရေ ပိုမိုလိုအပ်လာပြီဖြစ်သည်။

 

ရောဟိနီမြစ်ကမ်းဘေးက ရေလုပွဲ

 

မဟာသက္ကရာဇ် ၁၀၇ ခုနှစ်အတွင်း က ဂေါတမမြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီး၌ သီတင်းသုံးနေတော်မူစဉ် နယုန်လအခါ ညှိုးခြောက်နွမ်းလျကုန်သော ကောက်ပဲသီးနှံများအတွက် လိုအပ်သော ရောဟိနီမြစ်ရေရရှိရေးအတွက် မြစ်ကမ်းနှစ်ဖက်နေထိုင်ကြသော ကပိလဝတ်ပြည်သားများနှင့် ကောလိယပြည်သားများ ရေလုယက်မှုပြဿနာဖြစ်ပွားခဲ့ကြသည်။ ရောဟိနီမြစ် သည် ဟိမဝန္တာမှ စီးဆင်းကာ ကပိလဝတ်ပြည်နှင့် ကောလိယပြည်ကြား ဖြတ်သန်းစီးဆင်းသည်။ မိုးခေါင် သောနှစ်တွင် ရောဟိနီမြစ်ရေနည်းပါးပြီး နှစ်နိုင်ငံလယ်သမားများအတွက် ရေအလုံအလောက်မရ ဖြစ်ကြရသည်။ ရေရရှိရေးမှာ နှစ်နိုင်ငံပြည်သူများအတွက် သေရေးရှင်ရေးဖြစ်၍ နှစ်ပြည်ထောင် မင်းများမှာ စစ်မက်ပြုကြတော့မည့် အခြေအနေသို့ ရောက်ရှိနေကြသည်။

ရေပြဿနာကြောင့် စစ်ခင်းရတော့မည့်အရေးကို မြတ်စွာဘုရားရှင် သိတော်မူသဖြင့် ရောဟိနီမြစ်အလယ်ရှိ သဲသောင်ပြင်သို့ သက်ဆင်းတော်မူသည်။ ဘုရှားရှင်ကိုမြင်လျှင် ကပိလဝတ်ပြည်သားတို့က စစ်လက်နက်များကို စွန့်ကာ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြကုန်၏။ ထို့အတူ ကောလိယပြည်သားတို့သည်လည်း လက်နက်များကိုစွန့်၍ မြတ်စွာဘုရားကို ဖူးမြော်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် သာယာဖွယ်မဖြစ်ပုံ၊ သူတစ်ပါးစကား အကြောင်းမဲ့မယုံသင့်ပုံ၊ အင်အားနည်းသော်လည်း အင်အားကြီးသူကို အောင်မြင်နိုင်သည့်အခွင့်ရှိပုံ၊ ညီညွတ်သဖြင့် အကျိုးရှိပုံ၊ မညီညွတ်မသင့်မြတ်သဖြင့် အပြစ်ဖြစ်ရပုံတို့ကို ဇာတ်တော်အလိုက် ဟောကြားဆုံးမတော်မူသည်။ ထိုအခါ နှစ်ဖက်သောပြည်သူများ ပဋိပက္ခများရပ်စဲပြီး ငြိမ်းချမ်းရေးရခဲ့ကြသည်။

 

ရေမချွေတာလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမည်

 

လွန်ခဲ့သည့်နှစ်က “ရေမချွေတာလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမည့် တူနီးရှား ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတကာ သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ အဆိုပါ သတင်းတွင် တူနီးရှားနိုင်ငံ၌ ရာသီဥတု ပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် ပြည်သူများအား ရေကိုခွဲတမ်းချသုံးစွဲရမည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ တူနစ်မြို့တော်အပါအဝင် နိုင်ငံတစ်ဝန်းနေရာဒေသ အတော် များများတွင် ည ၉ နာရီမှ နံနက် ၄ နာရီ အထိ တစ်နေ့လျှင် ခုနစ်နာရီကြာ ရေဖြတ်ထားမည်ဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်အမိန့်သည် ဧပြီလမှ စက်တင်ဘာလအထိ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် အမိန့်ကို လိုက်နာမှုမရှိသူများသည် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါသတင်းတွင် အာဏာပိုင်များက သောက်သုံးရေများကို စိုက်ပျိုး မြေများနှင့် မြို့တွင်းရှိ စိမ်းလန်းသော နေရာများတွင် သုံးစွဲမှုကိုတားမြစ်ထားသကဲ့သို့ လမ်းများနှင့် ကားများရေဆေးခြင်းများကိုလည်း တားမြစ်ထားသည်ဟု ဖော်ပြထားသည်။

ရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြသာ ကမ္ဘာတစ်ဝန်းက အတုယူစရာ နည်းလမ်းများလည်း ရှိသေးသည်။ ပိုလန်နိုင်ငံ ဝါဆောမြို့မှ လူများသည် ရေမီတာခ သက်သာစေရန် ည ၁၀ နာရီမှ နံနက် ၆ နာရီကြားတွင် ရေချိုးကြသည်ဟု သိရသည်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ အိမ်ရှင်များသည် အိမ်အပြင်ဘက်ရှိ ရေပိုက်ခေါင်းများကို သံသေတ္တာများ နှင့်အုပ်ကာ သော့ခတ်ထားကြသည်။ ရေသူခိုးရန်မှ ကာကွယ်ရန်ဖြစ်သည်။ ဟန်ဂေရီလူမျိုးများသည် နွားအစားကြက်နှင့် ဝက်ကိုသာ ပိုမိုမွေးမြူကြသည်။ အကြောင်းမှာ နွားမွေးမြူခြင်းသည် ရေအလွန်ကုန်ပြီး ကြက်နှင့် ဝက်က ရေကုန်ကျမှု နည်းသောကြောင့် ဖြစ်သည်။

 

အစ္စရေးနိုင်ငံ၏ ရေသုံးစွဲမှု စံနမူနာ

 

ရေနှင့်ပတ်သက်၍ စည်းကမ်း အတင်းကျပ်ဆုံးနှင့် စနစ်တကျသုံးစွဲမှုတွင် အစ္စရေးနိုင်ငံသည် စံနမူနာထားရ မည်ဖြစ်သည်။ အစ္စရေးနိုင်ငံ၏ ကျောင်းသင်ခန်းစာများတွင် ကလေးများကို ရေချွေတာသုံးစွဲမှု အလေ့အကျင့်များကို သင်ကြားပေးထားသည်။ ကျန်းမာရေး သင်ခန်းစာများတွင်လည်း ကျောင်းသူ ကျောင်းသားများကို ရေချိုးနည်း၊ သွားတိုက်နည်းများ စနစ်တကျ သင်ကြားပေးသည်။ တစ်ချိန်တည်းမှာပင် ရေကို နည်းနည်းနှင့် အကျိုးရှိအောင် သုံးစွဲနည်း ကိုပါ တွဲဖက်သင်ကြားပေးသည်။ ရေခြိုးခြံ ချွေတာသုံးစွဲခြင်းသည် လူတိုင်း၏ အလုပ်ဖြစ်သည်ဟူသော အသိတရားကို ပညာရေးလုပ်ငန်းစဉ်ထဲတွင် အဓိက အနေဖြင့် ထည့်သွင်းရေးသားထားကြသည်။ အစ္စရေးနိုင်ငံတွင် ရေပိုင်ဆိုင်မှုအားလုံး၊ ရေအသုံးပြုမှုအားလုံးကို အစိုးရ က ထိန်းချုပ်ထားသည်။ ပြည်သူ အားလုံးအတွက် ထိန်းချုပ်ပေးထားခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံတွင် မိမိ ပိုင်ဆိုင်သောမြေယာတွင် ပိုင်ရှင်ကိုယ်တိုင် ရေတွင်းမတူးရ။ ရေတွင်းတူးလိုလျှင် လိုင်စင်လျှောက်ရသည်။ လိုင်စင်ကျမှ ရေတွင်းတူးခွင့်ရှိသည်။ ရေဖြန့်ဖြူးမှုကိုလည်း ကန့်သတ်ထားသည်။ မြစ်ရေချောင်းရေများ သွယ်တန်းသုံးစွဲမှုကိုလည်း အစိုးရက ထိန်းချုပ်ထားသည်။ အစိုးရခွင့်ပြုချက်မရရှိဘဲ ရေသုံးစွဲမှုမရှိစေရ။ မိုးရာသီတွင် မိမိအိမ်ခေါင်မိုးမှ ကျလာသည့်ရေကိုပင် ခွင့်ပြုချက်လိုင်စင် မရှိလျှင် မိုးရေကိုပင် သုံးစွဲခွင့်မရှိဟု သိရသည်။

 

ရေချွေတာသုံးစွဲရေးနည်းလမ်းများ

 

ရွှေကဲ့သို့ အဖိုးတန်သောရေများကို ချွေချွေတာတာ သုံးစွဲမှသာလျှင် ရေကြောင့်ဖြစ်ရသော ပြဿနာများနှင့် ရေရှားပါးမှုပြဿနာများ အတန်အသင့် လျော့နည်းလာမည်ဖြစ်သည်။ ထို့ကြောင့် ကားများဆေးကြောလိုလျှင် ရေပိုက်မသုံးဘဲ ရေဖြည့်ထားသော ပုံးများဖြင့် ဆေးကြောပါ။ သစ်ပင်ပန်းပင်များ ရေလောင်းလျှင် ရေပိုက်မသုံးဘဲ ရေဖြည့်ထားသော ရေလောင်းပုံး အသုံးပြုပါ။ ဟင်းသီးဟင်းရွက်များနှင့် ပန်းကန်များ ဆေးကြောရာတွင် ရေဇလုံကို အသုံးပြု ဆေးကြောပြီး သုံးပြီးသားရေကို စိုက်ပျိုးပင်များအတွက် ထပ်မံအသုံးပြု ပါ။ သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းများ ပိတ်ထားပါ။ ရေဘုံပိုင်ခေါင်းများနှင့် ရေပိုက်များ ရေယိုစိမ့်မှုရှိ၊ မရှိ စစ်ဆေးပါ။ သိုလှောင်ထားသည့်ရေများ ရေငွေ့ပြန် ခန်းခြောက်ခြင်းမဖြစ်စေရန် အဖုံးဖြင့် သေချာစွာ ဖုံးအုပ်ထားပါ။ ရေပန်းဖြင့် ရေချိုးလျှင် မြန်မြန်ချိုးပါ သို့မဟုတ် ရေကို ခွက်သေးသေးနှင့်သာ ချိုးပါ။ ဆန်ဆေးရေကို သွန်မပစ်ဘဲ အိုးခွက်ပန်းကန်အကြမ်းဆေးရာတွင် အသုံးပြု နိုင်သကဲ့သို့ သစ်ပင် ပန်းပင်များကိုလည်း လောင်းနိုင်သည်။ ကလေးငယ်များ ရေချိုးသည့် ဇလုံထဲမှရေများနှင့် အဝတ် လျှော်ထားသည့် ဆပ်ပြာရည်များကို သွန်ပစ်ခြင်းမျိုးမပြုလုပ်ဘဲ ရေချိုးခန်း၊ အိမ်သာများ ဆေးကြောရာတွင် ပြန်လည် အသုံးပြုနိုင်သည်။ ဘုရားပန်းအိုးမှရေနှင့် သောက်တော်ရေများကိုလည်း သွန်မပစ်ဘဲ သစ်ပင် ပန်းပင်များကို ပြန်လောင်းခြင်းဖြင့် ရေကိုချွေတာနိုင်သည်။ ရေကိုတစ်ခါတည်းသုံးပြီး သွန်ပစ်ခြင်းမျိုး မပြုလုပ်ဘဲ ဖြစ်နိုင်သမျှ ပြန်လည်အသုံးပြုခြင်းဖြင့် စနစ်တကျ အကျိုးရှိရှိချွေတာ သုံးစွဲသင့်ပါသည်။ ယနေ့ခေတ်တွင် ရေကို ချွေတာခြင်းသည် လျှပ်စစ်စွမ်းအင်ကို ချွေတာခြင်း၊ ငွေကိုချွေတာခြင်းပင် ဖြစ်သည်။

 

အပြာရောင်ရွှေ

 

ရေနံကို ရွှေမည်း၊ ပလက်တီနမ်ကို ရွှေဖြူဟု ခေါ်ဆိုကြသကဲ့သို့ ရေချိုအရင်း အမြစ်များကို အပြာရောင်ရွှေဟု ခေါ်ဆိုလာကြသည်။ ထို့ကြောင့် ရွှေမည်းက ရေနံ၊ ရွှေဖြူက ပလက်တီနမ်၊ ရွှေပြာက သန့်ရှင်းသောရေဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေရှားပါးသော ကျေးလက်ဒေသများတွင် “ရွှေကိုမလို ရေကိုသာ လိုသည် ဟူသော ဆိုစကားများကြားခဲ့ရဖူးသည်။ ရေကို ရွှေကဲ့သို့ တန်ဖိုးထားသည့်သဘောပင်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရွှေကဲ့သို့ အဖိုးတန်သောရွှေပြာ ဟု တန်ဖိုးထားခေါ်ဆိုသောရေကို စနစ်တကျ အကျိုးရှိရှိ သုံးစွဲသင့်ပါ ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။   

 

ကိုးကား-      

ဆရာ ဟိန်းလတ် ဘာသာပြန် ရေးသားထားသည့် ရေထဲမှာလူ … လူထဲမှာရေ စာအုပ်နှင့် နိုင်ငံတကာ သတင်းများ။