ခေတ်အဆက်ဆက် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးစွာထိမ်းသိမ်းထားသော ငါ့သရောက်မြို့က စက်စက်ယိုကျေးရွာ

ငါ့သရောက် ၄ ဇူလိုင်   

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ စက်စက်ယိုကျေးရွာသည် ငါ့သရောက်မြို့၏ တောင်ဘက်တွင်တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တပန်းဆက်လမ်း မြောက်ဘက်တွင်တည်ရှိကာ ခေတ်အဆက်ဆက် မြန်မာ့ယဉ်ကျေးမှုအား တန်ဖိုးထားချစ်မြတ်နိုးသော ကျေးရွာတစ်ရွာ ဖြစ်သည်။

 

အဆိုပါကျေးရွာရှိ လူငယ်လူရွယ်များသည် မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားကြကာ ရိုးရာယဉ်ကျေးမှုဖြစ်သော သျှောင်ပေစူး (ခေါ်) ဆံရစ်ဝိုင်း ဆံကေသာထားခြင်း၊ ဦးစွန်းဘုတ် (ခေါ်) ခွက်မောက်ထားခြင်း၊ ကြက်တောင်စည်းထားခြင်းများသည် စက်စက်ယိုကျေးရွာရှိ ရွာသူရွာသားတို့၏ ကျေးလက်စရိုက် ယဉ်ကျေးမှုအား ထိမ်းသိမ်းထားခြင်းပင်ဖြစ်သည်။ ခေတ်အဆက်ဆက်ကပင် စက်စက်ယိုကျေးရွာရှိ လူငယ်၊ လူလတ်၊ လူကြီးများ၏ သျှောင်ပေစူး၊ ကြက်တောင်စည်း၊ ဦးစွန်းဘုတ်ထားခြင်းများသည် အစဉ်အလာဖြစ်နေပြီး အဘိုးကြီးများလည်း သျှောင်ကြီးဗွေများ ထားရှိသေးကြောင်း စက်စက်ယိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပြသည်။

 

 

“ကျွန်တော်တို့ရွာကို ရှေးဟောင်းရွာတစ်ရွာလို လူအများကထင်နေကြတာ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေနဲ့ ပြည်တွင်းခရီးသွား ဧည့်သည်တွေပါ အမြဲလာရောက်ကြတယ်ဗျ။ ဗွီဒီယိုဇာတ်လမ်းတွဲတွေလည်း လာရိုက်ကြတယ်။ ခုတော့ ရွာမှာလျှပ်စစ်မီး၊ အိမ်အရောက် ရေမီတာတွေ တပ်ဆင်ထားကာ ကြိုက်သလောက် ရေသုံးစွဲနိုင်ကြပြီး ကျန်းမာရေး ဆေးပေးခန်း၊ ကျေးရွာစာကြည့်တိုက်များနဲ့ စိုပြေစိမ်းလန်းတဲ့ ရွာတစ်ရွာဖြစ်တဲ့အပြင် ရုပ်ဝတ္တုပစ္စည်း  မည်မျှပင်တိုးတက်နေစေကာမူ စက်စက်ယိုကျေးရွာမှာ သျှောင်ပေစူး ဆံကေသာများ အစဉ်အဆက် ထိမ်းသိမ်းလာခဲ့တာကို အခြေခံပညာမူလတန်း လွန်ကျောင်းထဲက ကျောင်းသား၊ ကျောင်းသူများ အားလုံးရဲ့သျှောင်ပေစူး ဆံကေသာများအား ကြည့်ခြင်းဖြင့် စက်စက်ယိုကျေးရွာဟာ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဘိုးထားကြောင်း တွေ့ရမှာပါ။ ငါ့သရောက်မြို့မှာ ခက်လန်းကန်ကျေးရွာ၊ တောင်တော၊ ဖလန်ကန်ကျေးရွာတို့မှာလည်း သျှောင်ပေစူးဆံကေသာများ ထားရှိကြပါတယ်။” ဟု စက်စက်ယိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပြသည်။

 

ကိုထိန်၊ ငါ့သရောက်