ခြေတု၊ လက်တု တပ်ဆင်လိုသူများကို ကျိုင်းတုံမြို့အထိ ပို့ဆောင်ပေးခြင်းနှင့် တပ်ဆင်ပေးခြင်းများကို အခမဲ့ကူညီပေးလျက်ရှိ

မူဆယ်  ၁၉  ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အခြေစိုက်၊ ကြက်ခြေနီအသင်းမှ အကြောင်းအမျိုးမျိုးကြောင့် ခြေ၊  လက်အင်္ဂါ ချို့ယွင်းသူများကို ကျိုင်းတုံမြို့၌ တည်ရှိသည့် ခြေတု၊ လက်တုစက်ရုံသို့ အခမဲ့ပို့ဆောင်ပေးခြင်းနှင့် ခြေတု၊ လက်တုများ အခမဲ့တပ်ဆင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်နန်းမွေဖောင်က ပြောသည်။

“အရင်တုန်းကဆို ခြေတုတစ်ခုပဲ တပ်ဆင်ပေးတယ်၊ ခြေတုတပ်ဆင်မယ်ဆိုရင်လည်း လူဦးရေအကန့်အသတ်နဲ့ပဲ တပ်ဆင်ပေးတယ်၊ ယခုကျိုင်းတုံမြို့မှာ ဖွင့်လှစ်ထားတဲ့ ခြေတု၊ လက်တုစက်ရုံမှာဆိုရင် ခြေတုနဲ့လက်တုတွေကို အခမဲ့ တပ်ဆင်ပေးနေပါပြီ၊ ကျိုင်းတုံမြို့ကို သွားတပ်တဲ့အချိန်ကျရင် ပို့ဆောင်ခနဲ့ တပ်ဆင်ခတွေကို ကျွန်မတို့ ကြက်ခြေနီရုံးကနေ အခမဲ့ပို့ဆောင်ပေးပြီး အခမဲ့တပ်ဆင်ပေးပါတယ်” ဟု ဒေါ်နန်းမွေဖောင်က  ပြောသည်။

ခြေတု၊ လက်တု တပ်ဆင်သူများအနေဖြင့် မြန်မာနိုင်ငံ၊ ဒေသအနှံ့ရှိ မိမိဌာနေနှင့် နီးစပ်သည့် ကြက်ခြေနီရုံးများသို့ စာရင်းပေးသွင်းနိုင်ပြီး အသက်အရွယ်မရွေး တပ်ဆင်ပေးလျက်ရှိပြီး ကျိုင်းတုံမြို့မှ တပ်ဆင်ပေးသည့် ခြေတု၊ လက်တုများသည် အရည်အသွေးကောင်းမွန်ကာ ခြေတုတစ်ချောင်း၏ ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၂၀ ခန့်ရှိကြောင်း သိရသည်။ 

“အရင်တုန်းက ခြေတုတွေဆိုရင် ခြေတုနားမှာ ခလုတ်လေးတပ်ဆင်ပေးတယ်၊ ကွေးမယ်ဆိုရင် ခလုတ်လေးနှိပ်ပြီးမှ ကွေးလို့ရတယ်၊ ယခုပြုလုပ်ပေးတဲ့ခြေတု၊ လက်တုတွေကျတော့ အော်တိုကွေးလို့ရတယ်၊ ဆန့်လို့ရတယ်၊ အရင်ထက် အရည်အသွေး ပိုအဆင့်မြင့်လာပြီ၊ ဒါကြောင့် သူတို့အတွက်လည်း ပိုပြီးအဆင်ပြေလာတယ်” ဟု အရည်အသွေး ဒေါ်နန်းမွေဖောင်က ဆက်လက်ပြောသည်။

ခြေတု၊ လက်တု တပ်ဆင်လိုသူများကို မူဆယ်မြို့မှ လားရှိုးမြို့၊ ကြက်ခြေနီအသင်း၊ ပြည်နယ်ရုံးအထိ ပို့ဆောင်ပေးပြီး လားရှိုးမြို့မှ ကျိုင်းတုံမြို့ကို တစ်ဆင့်ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

ထို့ပြင် ခြေ၊ လက်အင်္ဂါ ချို့ယွင်းသူများနေဖြင့် တစ်ယောက်ထဲသွားလာနိုင်ရန် အခက်အခဲရှိပါက လမ်းတစ်လျှောက်တွင် ကူညီပေးရန် အစောင့်တစ်ဦး ခေါ်သွားနိုင်ပြီး ခြေတုတပ်ဆင်ရန် အဆင်မပြေသူများကို ဝှီးချဲနှင့် ကျိုင်းထောက်များကို အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် မူဆယ်မြို့၊ ကြက်ခြေနီအသင်းသို့ လာရောက်စာရင်းပေးသွင်းသူ လေးဦးရှိပြီး လူဦးရေ အကန့်အသတ်မရှိ လက်ခံလျက်ရှိပြီး အသက်အရွယ်မရွေး လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)