ချီဖွေမြို့နယ်၌ မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် မြေစာများပြိုကျမှုများနှင့် မြို့ပေါ် ရပ်ကွက်များတွင် အုတ်နံရံပြိုကျမှုများ ဖြစ်ပွား

ချီဖွေ ၂၆ စက်တင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ-မြစ်ကြီးနားသွားကားလမ်း ချီဖွေမြို့မှ (၃)မိုင်ခန့်အကွာတွင် စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ နံနက်(၇)နာရီ (၄၅)မိနစ်တွင် လမ်းဘေးမြေစာများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ထိုသို့ ဖြစ်ပွားရာနေရာသို့ မြို့နယ်လမ်းဦးစီးဌာန Loader ယာဉ်(၁)စီးဖြင့် ရှင်းလင်း ဆောင်ရွက်နေစဉ် မိုးဆက်လက် သည်းထန်စွာရွာနေ၍ ထပ်မံပြိုကျလာနိုင်ဖွယ်ရှိသဖြင့် မြေစာရှင်းလင်းမှုအား ရပ်နားခဲ့ရပြီး မိုးရွာသွန်းမှုရပ်နားချိန်မှသာ ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။

 

အလားတူ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေမြို့ပေါ်ရစ်လောခေါင်ရပ်ကွက်အတွင်း နံနက် (၁၀)နာရီခန့်က ဦးခေါင်ဂျုံးနေအိမ် အမြင့်ပေ (၈၀)ခန့်ရှိသည့် မြေကမ်းပါးပြိုကျမှုကြောင့် အကျယ် (၁၀)ပေ၊ အမြင့်(၉)ပေ အုတ်နံရံထပ်မံပြိုကျခဲ့ပြီး အရှည်ပေ (၃၀) သွပ်မိုးအဖီပြိုကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

လက်ရှိတွင် အုတ်နံရံပြိုကျအိမ်နေရာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝင်းစိုးစံနှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒု-ရဲအုပ် နိုင်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဒု-ဦးစီးမှူး ဦးအောင်ဖြိုးဝေနှင့်သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ ၂၀ တို့က မြေစာရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ချီဖွေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ- ပန်ဝါလမ်း၊ ချီဖွေမြို့နှင့် (၆)ဖာလုံ ခန့်အကွာတွင် တောင်ကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွားရာ လမ်းအရှည်ပေ(၅၀)၊ အမြင့်(၁၅)ပေခန့်ရှိ မြေများလမ်းပေါ်ပိတ်ဆို့မှုဖြစ်ပွား၍ လက်ရှိအချိန်တွင် မော်တော်ကားလမ်းသွားယာဉ်များ ယာယီ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)