ချိန်ခါမရွေး ငလျင်ဘေး

 

ပေါက်ပေါက်

 

မြေငလျင်လှုပ်ခြင်း

 

ဘူမိဗေဒသဘောတရားအရ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိသောအခါ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားပြီးနောက် အပေါ်တစ်ခုမှာ တွန်းတိုက်ခံလိုက်ရသည့်အတွက် တွန့်ခေါက်လာပြီး ထိုနေရာတွင် အားများတဖြည်းဖြည်းစုစည်းမိလာသည်။ တစ်ချိန်ချိန်မှာ ၎င်းစုစည်းမိသောအားများက ရုတ်တရက်ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားသည်။ ထိုအခါ ၎င်းအားများ ဖြတ်သန်းသွားရာလမ်းကြောင်း တစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါသွားသည့်ဖြစ်စဉ်ကို “မြေငလျင်လှုပ်ခြင်း(Earth Quake)”ဟုခေါ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက် ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင် လှုပ်ခြင်းဟုခေါ်သည်။

 

မြေငလျင်လှုပ်သော အခြားအကြောင်းများ

 

အောက်ဖော်ပြပါ အကြောင်းများကြောင့်လည်း မြေငလျင်လှုပ်တတ်သည်။

 

မြေအောက်ကျောက်လွှာများ လှုပ်ရှားမှု။ (အဖြစ်အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်၏)

မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထုချပ်ကြီးများ တစ်ခုနှင့်တစ်ခု တွန်းကန်မှု သို့မဟုတ် ကျွံကျနိမ့်ဆင်းမှု။ (ပျက်စီးအား ပြင်းထန်လေ့မရှိပေ)

မြေအောက်မိုင်းခွဲခြင်း သို့မဟုတ် ဖောက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအားပြင်းထန်သည့် လူတို့ လုပ်ဆောင်မှု။

အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်မှု။

 

မြန်မာနိုင်ငံနှင့် မြေငလျင်ရာဇဝင်

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကမြေငလျင်ကြောကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သော အယ်(လ်)ဖိုက် မြေငလျင်ကြောကြီးပေါ်တွင် တည်ရှိနေခြင်း၊ မြေထုချပ်များ၏ တွန်းတိုက်တိုးဝင်နေခြင်း၊ ထင်ရှားသော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသောသက်ရှင်ပြတ်ရွေ့များ ရှိခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသည် မြေငလျင်ဘေးအန္တရာယ်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ အမေရိကန်အခြေစိုက် United State of Geological Survey(USGS)၏ ၁၉၆၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ မြေငလျင်လှုပ်ရှားမှုအခြေအနေ လေ့လာချက်များအရ မြန်မာနိုင်ငံ အနောက်ဘက်၊ အနောက်မြောက်ပိုင်းနှင့် ကပ္ပလီကျွန်းစုဒေသများတွင် မြေငလျင်လှုပ်ရှားမှု ပိုမိုများပြားတတ်ကြောင်း သိရသည်။

 

၁၉၁၂ ခုနှစ်တွင် ကျောက်တန်းပြတ်ရွေ့ကြောမှ ၈ ဒသမ ၀ ရစ်ချ်တာစကေးရှိသော ငလျင်ကြီးလှုပ်ခဲ့သည်။ ၁၉၂၉ - ၁၉၃၁ ခုနှစ်အထိ ၇ ဒသမ ၀၊ ၇ ဒသမ ၃ နှင့် ၇ ဒသမ ၆ ရစ်ချ်တာစကေးရှိသော ငလျင်များ ဆက်တိုက်လှုပ်ခဲ့သဖြင့် ဘုရားပုထိုး စေတီများစွာ ပျက်စီးခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။ ၁၉၃၀ ပြည့်နှစ်၌ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြောင့် ပဲခူးနှင့် ဖြူးတို့တွင် ငလျင်ဒဏ်ကို ကြီးကြီးမားမားခံစားခဲ့ရသည်။ ထို့နောက်ပိုင်းတွင် သိသိသာသာ ငလျင်မလှုပ်တော့ဘဲ ၂၀၁၁ ခုနှစ်ရောက်သောအခါ ငလျင်လှုပ်ခဲ့ပြီး အဆောက်အအုံများ ပျက်စီးကာ လူအသေအပျောက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်း ငလျင်လှုပ်ခဲ့ပြီး ဘုရားပုထိုး စေတီများနှင့် လူနေအိမ်များ ပျက်စီးကာ လူအသေအပျောက်များရှိခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ငလျင်လှုပ်ခဲ့သော်လည်း ၎င်းငလျင်ဗဟိုရှိသည့် နေရာတစ်ဝိုက်လောက်သာ ခံစားခဲ့ရသဖြင့် ပြင်းထန်မှုမရှိခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင်လည်း ငလျင်ငယ်လေးများ လှုပ်ခဲ့သည်။

 

ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့်ကွာဝေးသော ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စူဠာမဏိစေတီ၊ စေတနာကြီးဘုရား၊ ထီးလိုမင်းလိုနှင့် လောကနန္ဒာ အပါအဝင် စေတီပုထိုးပေါင်း ၁၈၆ ဆူနှင့်တကွ နိုင်ငံတစ်ဝန်းရှိ စေတီပုထိုးပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ပုဂံဒေသအပြင် ငလျင်လှုပ်ခတ်သွားသော တခြားဒေသများမှာ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ်တချို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

 

အဆိုပါငလျင်သည် ပြတ်ရွေ့ကြောငလျင် မဟုတ်ဘဲ အိန္ဒိယကျောက်ထုချပ် (India Plate) က ဘားမားကျောက်ထုချပ် (Burma Plate) အောက်သို့ ထိုးဆင်းသွားသည့်အတွက်ကြောင့် ထိုးစိုက်ဇုန် (Subduction Zone) (ခေါ်) ထိုးစိုက်ငလျင်ဖြစ်သည်။ ထိုးစိုက်ဇုန်၏ ဘေးထွက်ဆိုးကျိုးအဖြစ် ကျောက်ဖြူနှင့် မင်းဘူးမြို့များတွင် ရွှံ့မီးတောင် များပေါက်သွားသည်။ ၎င်းငလျင်သည် ၁၉၇၅ ခုနှစ် တွင် ဂွေးချိုပြတ်ရွေ့မှ လှုပ်ရှားခဲ့သော ပုဂံငလျင်နှင့်လည်း ဆက်နွှယ်မှုမရှိပေ။ ထို့ကြောင့် ၎င်းငလျင်ကို မြန်မာနိုင်ငံ ငလျင်ကော်မတီမှ “ချောက်ငလျင်” ဟု အမည်ခေါ်တွင်ခဲ့သည်။ ထိုးစိုက်ဇုန်ကြောင့် လှုပ်ရှားသွားသော ငလျင်မျိုးသည် မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးဘဲ ပထမဆုံးသော ထိုးစိုက်ငလျင်ကြီး အမျိုးအစားဖြစ်သည်။

 

၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၂၂ မိုင်ခန့် အကွာ တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့သည်။ ငလျင်အင်အားမှာ ၅ ဒသမ ၈ ရစ်ချ်တာစကေး ဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာအနက်တွင် ဖြစ်ပွားခဲ့သော ဇောက်တိမ်ငလျင် (Shallow Earthquake) အမျိုးအစားဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်တိုင်းလိုလိုမှ လူအများ သတိထားမိခဲ့သည်။ အဆိုပါငလျင်လှုပ်ပြီး နှစ်နာရီကျော်အကြာမှာ တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ခုနစ်မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခဲ့သည်။ တိုက်ကြီးငလျင်ကြောင့် သာသနိက အဆောက်အအုံ ကိုးလုံး၊ လမ်းတံတား၊ အစိုးရရုံးနှင့် နေအိမ် ခြောက်လုံးပျက်စီးကာ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ တိုက်ကြီးတွင် အထပ်မြင့် အဆောက်အအုံများမရှိ၍ ပျက်စီးမှု အနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် ငလျင်လှုပ်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်ကဲ့သို့ ပြင်းထန်မှု မရှိခဲ့ပေ။ ၂၀၁၉ ခုနှစ်ရောက်သောအခါ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ငလျင်ဖြစ်ပေါ်မှု ခပ်စိပ်စိပ်တွေ့ရသည်။ ထို့အတူ ၂၀၂၀ -၂၀၂၂ ခုနှစ်အထိ လက်ရှိကာလများမှာလည်း အသေးစားငလျင် လှုပ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

မြန်မာနိုင်ငံတစ်ဝန်း၌ ငလျင်လှုပ်ခတ်မှု အသေးစားများ ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိရာ ထိုကဲ့သို့ မကြာခဏ ငလျင်လှုပ်မှုရှိနေခြင်းသည် အင်အားပြင်းငလျင်ကို သတိမူလာစေရန် အချက်ပြနေခြင်းဖြစ်ကြောင်း ငလျင်ပညာရှင်များက သုံးသပ်ကြသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် မြေငလျင်လှုပ်ခတ်မှု ၄၂ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀၊ ၂၀၁၈ ခုနှစ်တွင် အကြိမ် ၁၅၀ ကျော်နှင့် ၂၀၁၉ ခုနှစ်အတွင်း အကြိမ် ၁၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် လူဦးရေထူထပ်ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန်နေသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နေပြည်တော် စသည့် မြို့ကြီးများသည် ငလျင်ကြောပေါ်တွင်တည်ရှိပြီး အင်အားလတ်ဇုန်နှင့် အင်အားပြင်း ဇုန်များအတွင်း ကျရောက်လျက်ရှိသဖြင့် ငလျင်ဘေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ပညာရှင်များက ထောက်ပြထားသည်။

 

 သတိပြုစေလို

 

သတိထားရမည့်အချက်မှာ မြန်မာနိုင်ငံသည် မြောက်ဘက် ကချင်ပြည်နယ် ပူတာအိုမှ ရန်ကုန် တိုင်းဒေသကြီး သုံးခွမြို့ကိုဖြတ်ကာ အက်ဒမန် ပင်လယ်ထဲသို့ ဝင်ရောက်သွားသော အရှည်မိုင် ၆၀၀ ကျော်သည့် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောကြီးကို ဖင်ခုထိုင်ထားသည်။ ထို့ကြောင့် မြန်မာပြည်သည် ငလျင်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကျောက်ကြမ်း၊ ကဘော်၊ ရွှေတြိဂံ၊ ဒေးဒရဲ စသည့် ငလျင်ပြတ်ရွေ့ကြောများကိုလည်း ဖင်ခုထိုင်ထားသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက အများပြည်သူတို့ ကြိုတင်စုဝေးနိုင်သည့်နေရာများကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ငလျင်နှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အထိတ်တလန့် ဖြစ်စေသည့် သတင်းမှားများ ဖြန့်ချိမှုများကိုစိစစ်ကာ သတင်းမှန်ကိုအချိန်နှင့် တစ်ပြေးညီထုတ်ပြန်ခြင်းတို့ကို အလေးထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

 

မြေငလျင်လှုပ်နေစဉ် ဆောင်ရွက်သင့်သည့်အချက်များ

 

ကြောက်ရွံ့ထိတ်လန့်မှု မရှိပါနှင့်။ သတိ ရှိပါ။ တည်ငြိမ်မှုရှိပါ။

 

မီးသုံးနေစဉ် ငလျင်လှုပ် ပါက မီးခလုတ်များကိုပိတ်ပါ။

 

ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အအုံများအနီးမှ အမြန်ဆုံး ရှောင်ရှားပါ။

 

ငါးစက္ကန့်အတွင်း အဆောက်အအုံ အပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မရောက်နိုင် ပါက ဘေးကင်းသောနေရာတွင် (ဝပ်၊ ကာ၊ ကိုင်) ပုံစံဖြင့်နေပါ။ (ဝပ်= ဘေးအန္တရာယ်ကင်းသော နေရာတွင် ဝပ်နေပါ။ ကာ= ခိုင်ခံ့သောစားပွဲ၊ ခုတင် အောက်တွင် မိမိကိုယ်ကို အကာအကွယ်ယူပါ။ ကိုင်= ခိုင်ခံ့သောစားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာကိုင် ထားပါ။)

 

အိမ်ထဲတွင်ရှိနေပါက ခုတင်၊ စားပွဲ ခုံအောက်သို့ဝင်နေပါ။ ခုတင်၊ စားပွဲမရှိလျှင် အဆောက်အအုံ၏ အတွင်းနံရံတစ်လျှောက် (သို့မဟုတ်) ထောင့်တစ်ခုခုတွင် အကာအကွယ်ယူပါ။

 

တံခါးပေါက် သို့မဟုတ် ပြတင်းပေါက် သို့မဟုတ် ဝရံတာနှင့် ဝေးဝေးနေပါ။

 

မြင့်မား လေးလံသော ဗီရိုသို့မဟုတ် ရေခဲသေတ္တာ စသည့် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများနှင့် ဝေးဝေးနေပါ။

 

အိပ်ရာထဲရောက်နေပါက ခေါင်းကို ခေါင်းအုံးအောက်မှာထားပြီး ကာကွယ်ပါ။

 

မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အအုံအတွင်းမနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။

 

အဆောက် အအုံကို စွန့်ခွာရမည်ဆိုလျှင် ဓာတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ။

 

 မီးများ ငြှိမ်းသတ်ထားပါ။

 

မြေငလျင်လှုပ်ချိန်မှာ အပြင်သို့ လုံးဝထွက်မပြေးပါနှင့်။

 

အထပ်မြင့် တိုက်များ၏ တံခါးပေါက်များမှ ခုန်ထွက်၊ ခုန်ချခြင်း မပြုပါနှင့်။

 

ဓာတ်လှေကားထဲသို့ တိုးဝှေ့ခြင်းမပြုရ။

 

ငလျင်လှုပ်စဉ် လမ်းပေါ်သို့ရောက်နေပါက မြင့်မားသော တိုက်တာအဆောက်အအုံများ၊ မီးတိုင်၊ သစ်ပင်၊ လျှပ်စစ်ဓာတ်ကြိုးတန်းနှင့် ဝေးရာသို့ အမြန်ရှောင်ရှား၍ မြေပြင်မှာဝပ်နေပါ။

 

ငလျင်လှုပ်စဉ် ကားထဲတွင်ရှိနေပါက ကားကို အရှိန်လျှော့ပြီး ဘေးကင်းမည့်နေရာကို မောင်းသွားပြီး ရပ်ထားပါ။ ကားကို စက်သတ်ကာ ကားထဲမှာပင် ဆက်ထိုင်နေပြီး တံတား၊ အဆောက်အအုံများနှင့် ဝေးရာမှာနေပါ။

 

နိမ့်သောကမ်းပါး သို့မဟုတ် ရေတွင်းရေကန်တို့မှ ဝေးဝေးနေပါ။

 

ပင်လယ် ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများ ဖြစ်ပါက မြေပြင်တောင်ကုန်းရှိရာနေရာသို့ အမြန်ဆုံးသွားပါ၊ ဆူနာမီလှိုင်းကြီးများ ဝင်ရောက်လာနိုင်သဖြင့် ပင်လယ်ကမ်းခြေမှ ဝေးဝေးနေပါ။

 

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ လွန်စွာစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံအလယ်မှ ဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။ ဥတုရာသီ၊ ချိန်ခါမရွေး ငလျင်လှုပ်နိုင်သည်။ ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်၍ ငလျင်ဇောက်နက်ပါက ပျက်စီးဆုံးရှုံးမှု များတတ်သည်။ လူအသေ အပျောက်၊ ထိခိုက်ဒဏ်ရာများလည်း ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ပြည်သူလူထုများ ငလျင်ဘေးဆိုင်ရာ အသိပညာများ ရရှိလာစေရန်အတွက် သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနက မြန်မာ ပြည်တစ်ဝန်း လူနေရပ်ကွက်များ၊ စာသင်ကျောင်းများတွင် ငလျင်ဘေးကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။

 

သို့ပါ၍ မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးမှကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး ကာလတို့အတွက် သတိပေးနှိုးဆော်မှု၊ ပညာပေးလေ့ကျင့်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ကူညီ ကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြင့် ရင်ဆိုင်ကြရမည်ဖြစ်ရာ လူသားချင်းစာနာမှုတို့ဖြင့် သဘာဝ ဘေးအန္တရာယ်အပေါင်းတို့ကို ကျော်လွှားကြရမည် သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။