ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား 

၁၄ စက်တင်ဘာ


လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့သူက ချွေးထွက်တာအရင်။ ပြီးတော့လက်မြောက်လိုက်ရင် အင်္ကျီမျာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့နံတာ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော်။


ချိုင်းချွေးနံ့ကို သဘာဝအတိုင်း ပျောက်အောင်လုပ်ပေးမယ့် နည်းလမ်းများ။ 


( ၁ )မုန့်ဖုတ်ဆော်ဒါ ။ ။


အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။


လုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး သံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင်ရေပြန်ဆေးချပါ။


( ၂ )ပန်းသီးရှာလကာရည် ။ ။


ဒီ အက်ဆစ်ဓာတ်ရှိတဲ့ ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့ pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။


လုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေနဲ့ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာ ချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ ပြီးမှ ရေချိုးပါ။


( ၃ ) အရက်ပြန်။ ။


အရက်ပြန်ဟာ ဘက်တီးရီးယားပိုးတွေကိုသေစေပြီး ချွေးပေါက်ကိုကျဉ်းစေတဲ့ အာနိသင်ရှိတာကြောင့် ချိုင်းချွေးထွက်များခြင်းနဲ့ ချွေးနံ့နံခြင်းကို သက်သာစေမှာပါ။ ဒါ့ကြောင့် ချိုင်းကို အရက်ပြန်လေးသုတ်လိမ်းပေးလည်းရပါတယ်။


( ၄ ) သံပရာသီး။


သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်က ဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင် သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမဲနေတာလည်း သက်သာစေဦးမှာပါ။


လုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။


( ၅ ) ချိုင်းမွှေးတွေကို ဖယ်ရှားပေးပါ။


ချိုင်းမွှေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေပိုခိုအောင်လို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွှေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။


ကဲ ဒီလို အကုန်အကျလည်းသက်သာ အာနိသင်လည်းစွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ။ 
 

ရေးသားသူ - Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။’