ခိုင်မြဲသည့် မိတ်ဖက်သံယောဇဉ်

၁၁ ဒီဇင်ဘာ

 

နိုင်ငံပေါင်း ၅၁ နိုင်ငံ၊ အဖွဲ့အစည်းကြီးနှစ်ခုနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာ သမား ၂ဝဝ ကျော် ပါဝင်တက်ရောက်သည့် (၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့က စတင်ကျင်းပရာ အေဆမ်အစည်းအဝေး၏ ''ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆက်ဆံမှုကို ခိုင်မြဲအောင် ဆောင်ရွက်ကြပါစို့''ဟူသော ဆောင်ပုဒ်အနှစ်သာရနှင့်အညီ ကျင်းပခဲ့သည်ကို တွေ့ရသည်။

 

အေဆမ်၏ မဏ္ဍိုင်သုံးရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးမဏ္ဍိုင်တို့ကို တန်းတူမိတ်ဖက်ဆက်ဆံမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုဟူသော အဓိကအခြေခံမူသုံးရပ်ဖြင့် အစည်းအဝေးများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အစည်းအဝေးဖွင့်ပွဲနေ့တွင် အိမ်ရှင် နိုင်ငံ၏ခေါင်းဆောင်ဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာကြီး၏ လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများနှင့် ထားရှိရမည့်မိတ်ဖက် ဆက်ဆံမှုတို့ကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

ဖွံ့ဖြိုးပြီးနှင့် အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံအားလုံးသည် အကျပ်အတည်း၊ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး မူဝါဒချမှတ်သူများ အနေဖြင့် တစ်ဦး၏ အကျပ်အတည်း၊ အခက်အခဲများကို တစ်ဦးက နားလည်သဘောပေါက်အောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ကမ္ဘာကြီး၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုလွယ်ကူထိရောက်နိုင်မည်ဟု ယုံကြည်ပါသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

ကမ္ဘာပေါ်ရှိနိုင်ငံများသည် အကြောင်းတရားအမျိုးမျိုးတို့ကြောင့် အကျပ်အတည်းနှင့် အခက်အခဲများ တစ်မျိုးမဟုတ် တစ်မျိုး ကြုံတွေ့နေရသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအများစုမှာ မသေချာ မရေရာမှုများနှင့်အတူ မတည်မငြိမ်ဖြစ်မှု အနေအထားများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ နိုင်ငံအများစု ကြုံတွေ့နေရသောပြဿနာများတွင် ပဋိပက္ခများကြောင့် ခြိမ်းခြောက်မှုအသစ်များ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပွားရခြင်းအရင်းအမြစ်မှာ တရားမဝင် ရွှေ့ပြောင်းသွားလာခြင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုပျံ့နှံ့လာခြင်း၊ လူမှုရေးဆိုင်ရာ သဟဇာတမဖြစ်မှုနှင့် နျူကလီးယားခြိမ်းခြောက်မှု စစ်ပွဲအန္တရာယ်များလည်း ပါဝင်လာသည်ဟု သိရသည်။


ပဋိပက္ခများသည် လူ့အသိုက်အဝန်းအတွင်း ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခြင်းကို ဖြစ်စေသည့်အပြင် တစ်ဦးနှင့် တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှုလျော့နည်းပြီး ဆက်ဆံရေး ကွာဟစေပါသည်။ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ဆုတ်ယုတ်ထိခိုက်စေနိုင်သည်ကို မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ မျက်မှောက်ဖြစ်ရပ်များက ထင်ဟပ်ဖော်ပြနေပါသည်။

 

အေဆမ်အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်းသည် ယင်းကဲ့သို့ အခက်အခဲများကို ပူးပေါင်းဖြေရှင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယုံကြည်ပါသည်။ မိတ်ဖက်သံယောဇဉ်ဖြင့် တစ်ဦးအခက်အခဲကို တစ်ဦးတစ်ဖွဲ့က ဖြေရှင်းပေးနိုင်ရေးအတွက် ရည်ရွယ်ထားသည်ဟု သိရှိနားလည်ထားပါသည်။ အေဆမ်အစည်းအဝေးမှ ပြဋ္ဌာန်းထားသော ဆောင်ပုဒ်နှင့် အဓိကအခြေခံမူများနှင့်အညီ အပြန်အလှန်နားလည်မှု ရှိခြင်းကို တည်ဆောက်ခြင်းဖြင့် ခိုင်မာသည့် မိတ်ဖက်သံယောဇဉ်များကို ဖော်ဆောင်နိုင်ကာ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ အေဆမ်အစည်းအဝေး၏ ဆောင်ပုဒ်ကို ခိုင်မာစွာ ဖော်ဆောင်နိုင်ရန်အတွက် အပြန်အလှန် နားလည်မှုရှိသည့် ခိုင်မာသော မိတ်ဖက်ဆက်ဆံရေး၊ မိတ်ဖက်သံယောဇဉ်များကို တည်ဆောက်ကြရမည် ဖြစ်သည်။ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအချင်းချင်းအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်မြှင့်တင်ပျိုးထောင်ကာ မိတ်ဖက်ဆက်ဆံရေးအသစ်များ ခိုင်မာစွာတည်ဆောက်ကြဖို့ အလေးအနက် ဆန္ဒပြုအပ်ပါသည်။    ။