ခါကာဘိုရာဇီတောင်ခြေမှ တိဗက်ကျေးရွာများ

မောင်ဖုန်းပြည့်(တက္ကသိုလ်)

 

တိဗက်တို့မြေ

 

တိဗက်ဒေသဟုဆိုလျှင် ဂမ္ဘီရဆန်သော မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားရာ နယ်မြေအဖြစ် မြန်မာအများက နားလည်ကြပါသည်။ “လာဆာ” ဟူသော ကမ္ဘာ့ခေါင်မိုး တိဗက်မြို့တော်မှ တိဗက်ရဟန်းမင်းကြီးစိုးစံခဲ့ရာ ပိုတလာနန်းတော်ကြီး၏ ဓာတ်ပုံကိုလည်း မြင်ဖူးကြပါသည်။ တိဗက်ဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ထိပ် တည့်တည့်တွင်ရှိပြီး မြန်မာနိုင်ငံထဲတွင် မြန်မာနိုင်ငံသား တိဗက်လူမျိုးများ နေထိုင်သည့် တိဗက်တွင် ကျေးရွာများ ရှိသည်ကိုတော့ သိသူနည်းကြပါသည်။

 

မြန်မာနိုင်ငံ၏ မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်ဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကြီးထဲတွင် မေခမြစ်ဖြစ်လာမည့် ကဆန်ခချောင်းဘေး ဝဲ၊ ယာ၌ ရဝမ်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများရှိသည်။ ယင်းရဝမ်ရွာများကို ကျော်လွန်သွားပြီးနောက် ကဆန်ခချောင်း ဖြစ်လာမည့် စိန်ခူးဝမ်ချောင်းနှင့် အဒွန်ဝမ်ချောင်းတို့ဆုံရာ တဇုန်ဒမ်းရွာ(ရဝမ်ရွာ)သို့ ရောက်မည်။ တဇုန်ဒမ်းမှ အနောက်မြောက်ဘက် စိန်ခူးဝမ်ချောင်းအတိုင်း ဆက်သွားလျှင် တအွန်ဒမ်းရွာ၊ ဂူဘားရွာနှင့် မဒိန်းရွာဟူသော တိဗက်ရွာသို့ ရောက်မည်။ တဇုန်ဒမ်းမှ မြောက်ယွန်းယွန်း အဒွန်ဝမ်ချောင်းကြောအတိုင်းသွားလျှင် တဆူထုရွာ၊ တလားထုရွာ၊ လေးအိမ်တန်းရွာ၊ ခရောင်းရွာဟူသော တိဗက်ရွာသို့ ရောက်သွားမည်ဖြစ်သည်။

 

မြန်မာ့မြောက်ဖျားမှ နောက်ဆုံးလူနေရွာ

 

တဟွန်ဒမ်းရွာသည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးရှိ နောက်ဆုံးလူနေရွာ ဖြစ်သည်။ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကြီး၏ အခြံအရံ ရေခဲတောင်များ ပတ်လည်ဝိုင်းလျက် ပေ ၆၀ဝ၀ အမြင့်တွင် တည်ထားသော မြန်မာနိုင်ငံသား တိဗက်တို့၏ ရွာဖြစ်သည်။ ရေခဲတောင်များမှ မြစ်ဖျားခံလာသော အဒွန်ဝမ်ချောင်းဘေးမှ သာယာအေးမြလှသော ရွာဖြစ်ပါသည်။ အအေးပိုသော ဆောင်းနှစ်များတွင် ရေခဲပြင်ဖွေးဖွေးဖြင့် ရှုမောစရာလည်း ဖြစ်ပါသည်။ တောင်ကြားချိုင့်ဝှမ်းရှိ မြေပြန့်တွင် ဂျုံခင်း၊ ပြောင်းခင်း၊ လူးခင်း၊ ဆပ်ခင်း၊ မုန်ညင်းခင်းတို့ အလယ်တွင် သစ်လုံးအိမ် ကိုယ်စီဖြင့် အိမ်ခြေ ၁၃ လုံးနှင့် ကျယ်ဝန်းသော တောင်ယာကွက် ၁၃ ကွက်၊ လူဦးရေ ၁၈၀ နီးပါး နေထိုင်လျက်ရှိသည်။ ရွာအဝင် တံတားထိပ် ရွာအလယ် သစ်ပင်များနှင့် ရွာဦးတိလောကမှန်ကူ စေတီတော် ပတ်ဝန်းကျင်၊ အိမ်တိုင်းရှိ ဘုရားဆောင်ဝန်းကျင်တို့တွင် တိဗက်ဘုရားရှိခိုးရောင်စုံအလံ (Prayer Flags) များ တလူလူလွှင့်ထူထားသော ရွာဖြစ်သည်။ ခါကာဘိုရာဇီ တောင်ခြေနှင့် ၃၇ မိုင် ကွာဝေးသည့်အတွက် တောင်တက်သမားနှင့် ရုက္ခဗေဒ၊ သတ္တဗေဒသုတေသီတို့ အခြေခံ စခန်းအဖြစ် စခန်းချသည့်ရွာလည်းဖြစ်သည်။

 

ရောက်လာသောမြေ

 

ဤနေရာတွင် မြန်မာ့မြောက်ဖျား ဒေသတစ်ခုလုံး မြန်မာနယ်နိမိတ်အတွင်းသို့ ရောက်လာပုံကို အကျဉ်းမျှ တင်ပြလိုပါသည်။ ဗြိတိသျှတို့ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သော်လည်း ပူတာအိုခရိုင် မြောက်ပိုင်းဒေသများသည် မည်သူ့အုပ်ချုပ်မှု အောက်တွင်မျှ မရှိသေးသည့် တောရိုင်းဒေသကြီး No Man's Land ဖြစ်ခဲ့သည်။ မြန်မာ့ရွှေနန်းတော်နန်းတွင်း ပုရပိုက်များတွင် ပူတာအိုတစ်ဝိုက်ရှိ ခနီးလောင်း (ခနီးလုံး) ရှမ်းစော်ဘွားတို့ နယ်မြေသည် မြန်မာဘုရင်ပိုင်နက်အဖြစ် ဖော်ပြထားသော်လည်း နယ်နိမိတ်မျဉ်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ယခု တိဗက်ရွာများ ရှိရာနေရာ မြန်မာ့မြောက်ဖျားပိုင်းသည် မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ လက်အောက်တွင်မျှ မရှိသေးသည့် ဒေသဖြစ်သည်။

 

ဤအတောအတွင်း (၂၀ ရာစု အစောပိုင်းအတွင်း)က ကမ္ဘာကျော် ရုက္ခဗေဒသုတေသီ ကင်းဒမ်းဝါ့ဒ် (Kingdon Ward) သည် မြန်မာ့မြောက်ဖျား ဒေသများသို့ လှည့်လည် သုတေသနပြုခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ကင်းဒမ်းဝါ့ဒ်သည် ဧရာဝတီမြစ်ဖျားဒေသသို့ ရောက်သွားသောအခါ တရုတ်နိုင်ငံမှ ဝင်ရောက်စူးစမ်းလေ့လာနေကြောင်း တွေ့ရှိရသဖြင့် ဗြိတိသျှအစိုးရထံ သတင်းပို့လိုက်သည်။

 

ထို့ကြောင့် ဗြိတိသျှအစိုးရသည် မြေတိုင်းအဖွဲ့ အပါအဝင်ဖြစ်သော စစ်တံခွန်အဖွဲ့ကို စေလွှတ်ပြီး ပူတာအိုမြောက်ဘက် (ယခု ပူတာအိုခရိုင်) ဒေသကြီးသို့ ကွင်းဆင်းစစ်ဆေး လေ့လာသည်။ ၁၉၁၄ ခုနှစ်တွင် ပူတာအိုနယ်ခြားခရိုင်ဖွင့်၍ အုပ်ချုပ်ရေးကို အခိုင်အမာ စတင်ဆောင်ရွက်ပြီး ဧရာဝတီမြစ်ဖျားပိုင်း မြစ်လက်တက်၊ ချောင်းလက်တက်အားလုံး ပါဝင်သည့် ရေဝေရေလဲ ရေခဲတောင်ထိပ်များကို မြန်မာပြည်အတွင်း ထည့်သွင်းလျက် မြန်မာပြည်မြောက်ဖျား နယ်နိမိတ်မျဉ်းများကို ရေးဆွဲအတည်ပြုခဲ့သည်။

 

 

ဤနယ်နိမိတ်များကို မတ်မဟွန်းလိုင်းဟု ခေါ်တွင်ပြီး ၁၉၁၄ ခုနှစ်တွင်ပင် ဗြိတိသျှ အစိုးရနှင့် တိဗက်အစိုးရတို့ နယ်နိမိတ် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ (ထိုစဉ်က တိဗက်သည် ရဟန်းမင်းကြီး ဒလိုင်းလားမား အုပ်ချုပ်သည့် သီးခြားလွတ်လပ်သော နိုင်ငံ ဖြစ်ပါသည်။ ၁၉၅၉ ခုနှစ်တွင် တရုတ်တပ်နီများ ဝင်ရောက်သိမ်းပိုက်လိုက်ပြီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်ဖြစ်သွားခြင်းဖြစ်သည်။)

 

ထိုသို့ နယ်နိမိတ်မျဉ်း ရေးဆွဲလိုက်ခြင်းကြောင့် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ အပါအဝင် အရှေ့တောင်အာရှ၏ အမြင့်ဆုံး ရေခဲတောင်များတည်ရှိရာ မြန်မာ့မြောက်ဖျား ဒေသသည် မြန်မာ့ပိုင်နက်အတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သလို ဧရာဝတီမိခင် မြစ်မဟာကြီးကိုလည်း မြစ်အစမှ ပင်လယ်ဝအထိ မြန်မာတို့ လုံးလုံးလျားလျား ပိုင်စိုးခွင့်ရလိုက်ခြင်းလည်း ဖြစ်ပါသည်။

 

ဝင်လာသောတိဗက်များ

 

ခရစ်နှစ် ၁၈၉၂ ခုနှစ်ခန့်တွင် တိဗက်မြန်မာနယ်စပ်အနီးမှ မိသားစုတစ်စု မြန်မာ့မြောက်ဖျားဒေသသို့ စတင်ရွှေ့ပြောင်းလာခဲ့သည်။ ဂွန်ဘို (Gunbo)ခေါ် အဘွားအိုတစ်ဦးနှင့် သားများဖြစ်ကြသော ဒေါဂျီ (Dawgyi) နှင့် စွမ်ချီ (Sumchi) တို့ပါဝင်ပြီး ယခုနယ်နိမိတ်ကျောက်တိုင် ၄၄ အနီးမှ ဝင်ရောက်လာခဲ့ကြသည်။ ယင်းတိဗက်မိသားစုတို့သည် ရဝမ်တိုင်းရင်းသားမျိုးနွယ်ခွဲ ထလု (ThaLa) တို့နေထိုင်ရာ အဒွန်ဝမ်ချောင်း၏ မြောက်ဘက်တွင် တဟွန်ဒမ်းရွာကို တည်ထောင်ခဲ့ကြသည်။

 

၁၉၀၄ ခုနှစ်ခန့်တွင် စာဂျေစာရီ (Sajay Sari) နှင့် ဟဲလု (He’ Lu) ဟူသော တိဗက်အမျိုးသား နှစ်ဦးသည် စိန်ခူးဝမ်မြစ်ဖျားပိုင်း တရူးလခါးတောင်ကြားမှလည်းကောင်း၊ နှစ်အနည်းငယ်အကြာတွင် တိဗက်ဒေသ ဂူဘားနယ်မှ ပဲမဆောင်းကြီးဆိုသူ ခေါင်းဆောင်သော တိဗက်လူမျိုးအုပ်စုကြီးသည် လား၊ သိုး၊ နွား စသော တိရစ္ဆာန်များကိုပါ မောင်းယူလာလျက် အထက်ပါတောင်ကြားမှ လည်းကောင်း ရေခဲတောင်ကြီးများကို ကျော်ဖြတ်၍ ဝင်ရောက်လာခဲ့ကြသည်။ မူလကနေရာ အမျိုးမျိုးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိမိတို့နေရင်းဒေသ ဂူဘားနယ်နှင့်ဆင်တူသည့် နေရာတွင် အခြေချလိုက်ကြပြီး ရွာကိုလည်းဂူဘားရွာဟု အမည်တပ်ခဲ့ကြသည်။

 

ယခု မြန်မာတိဗက်များ

 

ယခင်က မြန်မာပြည်တွင်းသို့ ရောက်ရှိနေသော တိဗက်များကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့။ ထို့ကြောင့် လွတ်လပ်ရေး ခေတ်ဦးအထိ တိဗက်ရွာများမှ တိဗက်များ ပူတာအိုသို့လာလျှင် ခုနစ်ရက်ထက် ပိုနေခွင့်မရှိ။ ပိုနေလိုလျှင် သက်တမ်းတိုးလျှောက်ရသည်။ 

 

နောင်တွင် တိဗက်ရွာသားများကို မှတ်ပုံတင်များထုတ်ပေးသောအခါ တိုင်းရင်းသားဖြစ်စေရန် သဘောဖြင့် (ရဝမ်မျိုးနွယ်ခွဲ) ထလုတိုင်းရင်းသား အနေဖြင့် ထုတ်ပေးခဲ့သည်။ ယခုမူ မြန်မာတိဗက်ဟု အသိအမှတ်ပြုထားပြီဟု သိရပါသည်။ စင်စစ် ယခု မြန်မာတိဗက်တို့သည် မျိုးဆက် ငါးဆက်မျှ ဤမြေ ဤဒေသတွင် နေခဲ့ပြီးဖြစ်၍ မိမိတို့ကိုယ်မိမိတို့ မြန်မာနိုင်ငံသားဟု အသွေးထဲအသားထဲက ခံယူထားကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား တိဗက်တို့အနေဖြင့် ရဝမ်မျိုးနွယ်ခွဲ ထလုဟူသော အမည်ထက် တိဗက်-မြန်မာဟူသော နာမည်ကို ပိုမိုခုံမင် လိုလားကြပါသည်။

 


နိုင်ငံသားမှတ်ပုံတင်တွင် တိဗက်-မြန်မာ ဟု အသိအမှတ်ပြု ခံချင်ကြပါသည်။ ဖဆပလ အစိုးရခေတ် ၁၉၅၆ ခုနှစ်ခန့်က နယ်မြေမှားဝင်လာပါသည်ဟုဆိုပြီး တရုတ်တပ်များ တစ်နှစ်ခန့်တပ်စွဲခဲ့သည့် ဒေသတချို့မှာ တဟွန်ဒမ်းရွာ၏မြောက်ဘက် ဝမ်စီဝမ်တော အနီးအထိသို့ပင် ရောက်ရှိခဲ့သဖြင့် ထိုဖြစ်ရပ်မျိုး ထပ်ဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် စိုးရိမ်ခဲ့ကြရသည်။ မကြာမီတွင် UNESCO အဖွဲ့က ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် စီစဉ်နေပြီဖြစ်သည်။ ရွာများကို ခါကာဘိုရာဇီဥယျာဉ်ကြီး အတွင်းတွင် စနစ်တကျ စီစဉ်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေး စီမံချက်များကိုတော့ ရွာသူ ရွာသားများ လိုက်နာရမည်ဖြစ်သည်။

 

တိဗက်တို့၏ လူနေမှုဘဝနှင့် ဓလေ့ထုံးစံ

 

မြန်မာ့တိဗက်တို့သည် အလုပ်ကြိုးစား၍ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ အာလူး၊ ဟင်းသီးဟင်းရွက်တို့ကို စနစ်တကျစိုက်ပျိုးကြသည်။ အခြားရွာများရှိ ဂျုံခင်းများမှာ နှစ်ပေ၊ သုံးပေခန့်ရှိသည့် အချိန်တွင် တိဗက်တို့၏ ဂျုံခင်းများမှာ လူတစ်ရပ်လောက်မြင့်၍ သန်မာလှသည်ကို တွေ့ရသည်။ တိဗက်တို့သည် နွား၊ သိုးစသည်တို့ကို မွေးမြူ၍ ထောပတ်၊ ဒိန်ခဲ၊ နို့ခဲများပြုလုပ်စားသုံးကြသည်။

 

တစ်ချိန်က စာမရိခေါ် Yark အမွေးရှည် နွားများကို မွေးမြူခဲ့ကြဖူးသည်။ အေးမြ၍ လေကောင်းလေသန့်ရသော ဒေသတွင် နေထိုင်ခြင်း၊ အလုပ်နှင့် လက်မပြတ် လုပ်ကိုင်ခြင်း၊ ဂျုံနှင့် နို့၊ ပြောင်း၊ ထောပတ်၊ ဒိန်ခဲနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ တိဗက်ထောပတ်နှင့် နို့ပါဝင်သော တိဗက်လက်ဖက်ရည် (လက်ချားခရော့)ကို မပြတ်သောက်သုံးခြင်းတို့ကြောင့် ကျား/မ မရွေး တိဗက်တိုင်းသည် အရပ်အမောင်းကောင်း၍ သန်မာထွားကြိုင်းကြသည်။ သာမန်အထမ်းဝန်ထမ်းများ သယ်ပိုးနိုင်သည့် အလေးချိန်ထက် နှစ်ဆအထိ ထမ်းပိုးသွားလာနိုင်ကြသည်။ ရုပ်ရည်လည်း ဖြူစင်တင့်တယ်ကြသည်။

 

တိဗက်တို့သည် ကလေးလူကြီးမရွေး၊ အပြုံးပန်း အမြဲဆင်မြန်းထားကြပြီး သူတို့ ဒေသသို့ ခက်ခက်ခဲခဲ ရောက်လာတတ်သော ဧည့်သည်များအပေါ် တာဝန်ကျေကြသည်။ မရှိ ရှိတာကို ကျွေးမွေးချင်တတ်ကြသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်များဟု ဆိုသော်လည်း ယခု ထေရဝါဒ ဗုဒ္ဓသာသနာတော်ကိုပါ လေးလေးမြတ်မြတ် ယုံကြည်ကိုးကွယ်လျက်ရှိကြပါသည်။ တိဗက်တို့သည် ဘာသာစကား အုပ်စုအရ မြန်မာနှင့် အနီးစပ်ဆုံးဖြစ်ပြီး တိဗက်ရော မြန်မာပါ ဗုဒ္ဓဘာသာကိုအမှီပြု၍၊ အိန္ဒိယအက္ခရာတို့ကို အမှီပြု၍ စာပေတီထွင်နိုင်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှုအရာ၌ ရှေ့တန်း ရောက်ခဲ့သည်ဟု ပညာရှင်တို့ ဆိုမိန့်ကြပါသည်။

 

ပူတာအိုမြောက်ဘက်ရှိ ကျေးရွာအားလုံးနီးပါးသည် ခရစ်ယာန် ကျေးရွာများဖြစ်၍ မြန်မာ့မြောက်ဖျားမှ တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းရွာများတွင်သာလျှင် ဗုဒ္ဓဘာသာရွာများ ရှိတော့သဖြင့် ဤရွာများသည် မြန်မာ့မြောက်ဖျားမှ ဗုဒ္ဓဘာသာခံတပ်ရွာများ ဖြစ်သည်ဟု တင်စားခေါ်ဆိုနိုင်ပါသည်။ ယခုဘာသာခြား သာသနာပြုတို့ အလွယ်တကူ ထိုးဖောက်၍မရသေးသော ကျေးရွာများလည်း ဖြစ်ကြသည်။

 

တိဗက်ရွာ လေးရွာအနက် တဟွန်ဒမ်းရွာတွင်သာ စေတီတော်ရှိပြီး ကျန်သုံးရွာတွင် မရှိသေး။ ထို့ကြောင့် ထိုရွာသားတို့သည် စေတီတော်တစ်ဆူစီ တည်ထားလိုသော ဆန္ဒရှိနေကြသည်။ ၂၀၁၅ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း တက္ကသိုလ်ခြေလျင် တောင်တက်အသင်းနှင့် သဘာဝခေါ်သံ တောင်တက်အဖွဲ့တို့က လူမှုရေး၊ ကျန်းမာရေး အထောက်ကူပြု ခရီးစဉ်တွင် တိဗက်ရွာများသို့ ရောက်ခိုက် အထက်ပါကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ရွာသုံးရွာတွင် စေတီတစ်ဆူစီ တည်ထားပေးခဲ့ပါသည်။ ဝေးလံခေါင်ဖျားသော ဒေသသို့ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်၍ ဘုရားတည်နိုင်ခဲ့ခြင်းကြောင့် တိဗက်ဗုဒ္ဓဘာသာဝင်တို့မှာ အထူးဝမ်းမြောက် ကြည်နူးခဲ့ကြသည်။

 

တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘား၊ မဒိန်း၊ လေးအိမ်တန်းရွာများသည် ဗုဒ္ဓဘာသာဝင် တိဗက်တို့၏ ရိုးရာယုံကြည်မှုအတိုင်း ဘုရားရှိခိုးတံခွန်အလံများကို မြောက်ပြန်လေနှင့်အတူ တလွင့်လွင့် လွှင့်ထူလျက် မြန်မာ့မြောက်ဖျားဒေသတွင် ငြိမ်းချမ်းသာယာစွာ ရပ်တည်လျက်ရှိကြပေပြီ။

 

မြန်မာနိုင်ငံသားလည်းဖြစ်၍ မြန်မာတို့နှင့် ဘာသာစကားအရ တစ်မျိုးနွယ်တည်းဖြစ်သော တိဗက်တို့၏ ချစ်စရာ၊ ခင်မင်စရာ၊ မြတ်နိုးစရာ၊ ရိုးရာဓလေ့ထုံးစံတို့သည် ခါကာဘိုရာဇီ တောင်ကြီးနှင့်အတူ ထာဝရခိုင်မာစွာ တည်တံ့နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။

 

စာကိုး - ဘာသာလောကကျမ်း (ဦးဖေမောင်တင်)၊ ခါကာဘိုခရီးသည် (ယိမ်းနွဲ့ပါး)၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၆ ခါကာဘိုဒေသခရီးကြမ်းအတွင်း ဒေသခံတို့နှင့် ဆွေးနွေးမေးမြန်းချက်များ