ခမီတိုင်းရင်းသား ရေဘေးဒုက္ခသည်များအား အိမ်သုံးပစ္စည်းနှင့် ဆန်အိတ်များ ကူညီထောက်ပံ့

ပုဏ္ဏားကျွန်း  ၂  ဇူလိုင်

 

မြန်မာနိုင်ငံ အနှံ့အပြားတွင် နေထိုင်ကြသော ခမိတိုင်းရင်းသား မိသားစုများ၊ ပုဏ္ဏားကျွန်းမြို့နယ် ကမ်းလက်ကွန်ယက် အသင်းအဖွဲ့အစည်းများနှင့် ပူပေါင်း၍ စစ်တွေမြို့ ခေမာမဏ္ဍိုင် ဆရာတော်ဦးဆောင်ပြီး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်း တောဖျားချောင်းဒေသမျာရှိ ခမီတိုင်းရင်းသား ရေဘေး ဒုက္ခသည်များအား ဇူလိုင် ၁ ရက်က အိမ်သုံးပစ္စည်းများနှင့် ဆန်အိတ်များကို ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ ကျပ်သိန်း(၃၅၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဒန်အိုးဒန်ခွက် အဝတ်အထည်များနှင့် ဆန်အိတ် (၁၂၀)တိုကို စစ်တွေမြို့ ခေမာမဏ္ဍိုင် ဆရာတော် ဦးဝိသုဒ္ဒ ကိုယ်တိုင်ဦးစီးပြီး ဒုက္ခသည်များထံသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း  ခမီတိုင်းရင်းသား ကမ်းလက်လူငယ် ကွန်ယက်အဖွဲ့မှ ကိုအင်္ဂါအောင်က ပြောသည်။

 

"ဇွန်လ ၁၁ ရက်မှ ၁၅ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောဖျားချောင်းဒေသတွင် ဩရမ၊ ဖားကြွယ်၊ ကျောက်ဆောင်ရွာ၊ ပါပွေ၊ သရော်ပင်ရင်း၊ လွန်ပူ၊ ခွေးသေ၊ အထက်သင်းပုန်းတန်း၊ တွင်းဆင်သေ၊ ရခိုင်ဂန့်ဂါ၊ ချော်ရှည်၊ ဒွတ်ချောင်း၊ နဂါးဖောက်၊ ပိန္နဲတော၊ ဥယျာဉ်သာ၊ ဂူတောင် စသည့်ကျေးရွာများ ရေနစ်မြုပ်၍ အိမ်ခြေ (၈၅)ဆောင်နှင့် ကျေးရွာ (၁၆)ရွာ လူဦးရေ (၃၀ဝ) ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြန်လည် ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေပါသေးတယ်ဟု" ကူညီထောက်ပံ့ပေးနေတဲ့ ဆရာတော် ဦးဝိသုဒ္ဒက ပြောသည်။

 

ရေဘေးဒုက္ခသည်များထဲတွင် လွန်ပူကျေးရွာ၌ မြေပြိုပြီး သေဆုံးသွားခဲ့သည့် မောင်မိုးဇော် မိသားစုဝင်များအား  ငွေကျပ် (၂)သိန်းကိုလည်း ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

 

နီထွန်းအောင် (ပြန်/ဆက်)