ချင်းအမျိုးသားနေ့အခမ်းအနားကို ဖလမ်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဖလမ်း ၉ ဖေဖော်ဝါရီ

 

နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ဖလမ်းမြို့ ဟရန်ထီးယို အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပွဲဖြစ်မြောက်ရေးကော်မတီက စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အားကစား ငါးမျိုးကိုလည်း ကျင်းပမည်ဖြစ်ပြီး ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေတွင် ဖွင့်ပွဲပြုလုပ်ကာ ၂ဝ ရက် နံနက်တွင် မြို့ပေါ်လေးရပ်ကွက်ရှိ ပြည်သူများက စစ်ကြောင်း လေးကြောင်းဖြင့် ချီတက်ပြီး အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်။ ချင်းအမျိုးသားနေ့ ပွဲတော်တွင် Stage Show ၊ Fashion Show ၊ ရိုးရာအကများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့်  မြို့ပေါ်ဈေးဆိုင်များ အားလုံး ဆိုင်ပိတ်ရန် ပွဲဖြစ်မြောက်ရေး ကော်မတီက စာထွက်ထားကြောင်း ဒေသထုတ် Chinlan Heral စာစောင်တွင် ဖော်ပြချက်အရ သိရသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပပြီး တိုက်သူကြီး (စော်ဘွား) များ အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြသည်။

 

၁၉၅ဝ ပြည့်နှစ် အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် သတ္တမအကြိမ် ချင်းရိုးရာ ကောင်စီညီလာခံတွင် ချင်းအမျိုးသားနေ့ သတ်မှတ်နိုင်ရေး အဆိုတင်သွင်းရာ တက်ရောက်လာကြသည့် အမတ်များ၏ ဆန္ဒအရ ဖလမ်းမြို့၌ လူထုညီလာခံကျင်းပခဲ့သည့် ဖေဖော်ဝါရီ ၂ဝ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။

 

ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ ထုံးတမ်းအရ တူညီသည့် မျိုးနွယ်စုအားလုံးပါဝင်သည့် ချင်းလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)