ချင်းဒေသမှ ပလက်ဝမြို့နယ်၏ အနာဂတ်ဖွံ့ဖြိုးမှုကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်မည့် ကုလားတန်မြစ်ကူးတံတား

မောင်မောင်ကျော့ (ပလက်ဝ)

 

ပလက်ဝမြို့သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်တွင်ပါဝင်သည့် နယ်စပ်မြို့ တစ်မြို့ဖြစ်သည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၃၁၂၇ ဒသမ ဝ၄ စတုရန်းမိုင်ရှိသည်။ ဆမီးမြို့နှင့် မြို့ပေါ်ရပ်ကွက် သုံးခု၊ ကျေးရွာအုပ်စု ၉၆ အုပ်စုဖြင့် ဖွဲ့စည်းထားသည်။ လူဦးရေ ကိုးသောင်းကျော်နေထိုင်ကြပြီး မြို့နယ်အတွင်း ချင်း၊ ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်း၊ လည်မြို၊ မရာချင်း၊ ဒိုင်ချင်း၊ မတူချင်း၊ မြိုနှင့် ရခိုင်၊ မရမာကြီး၊ ဒိုင်းနက် တိုင်းရင်းသားတို့ အချင်းချင်းရိုင်းပင်းကူညီကာ အတူယှဉ်တွဲ နေထိုင်ကြသည်။

 

ပလက်ဝမြို့အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လျှင် ညိုပြာမှုန်မှိုင်းနေသော ကျောက်ပန်းတောင်းတောင်ကို အဝေးက ပင်မြင်နိုင်သည်။ ဒုတိယ ဓညဝတီမြို့တည် ကံရာဇာကြီးမင်းနှင့် နောက်လိုက်တို့ အခြေချဖူးရာအရပ် ဖြစ်သည်။ ''တိမ်နီမိုးဆောင်း၊ ကျောက်ပန်းတောင်း၊ ခြောက်ရောင်မောင်း''ဟု ဖွဲ့နွဲ့ကာ ရခိုင်သမိုင်းတွင် စာတင်ခဲ့သည်။

 

ကျောက်ပန်းတောင်းတောင်မှ မြစ်ဖျားခံ စီးဆင်းလာသည့် ပလက်ချောင်းသည် မြို့၏ အရှေ့ဘက်တည့်တည့်တွင် ကစ္ဆပနဒီသို့ စီးဝင်သည်။ ပလက်ချောင်းစီးဝင်ရာ ချောင်းဝ၏ အနောက်ဘက် ကစ္ဆပနဒီကမ်းနဖူးပေါ် မြို့တည်သည်ကို အစွဲပြု၍ ပလက်ဝမြို့ဟု ခေါ်ခြင်းဖြစ်သည်။

 

အင်္ဂလိပ်-မြန်မာ တတိယစစ်မဖြစ်ခင် ၁၈၇၆ ခုနှစ်တွင် အင်္ဂလိပ်တပ် စတင်တည်ခဲ့သည့် အချိန်မှစ၍ ပလက်ဝမြို့ဟု ခေါ်တွင်လာခဲ့ကြရာ ၂ဝ၁၆ ခုနှစ်တွင် မြို့သက်တမ်း နှစ် ၁၄ဝ ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေး ရရှိသည့်အချိန်မှ ယနေ့အချိန်အထိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ဒေသဖြစ်သည်။ ရှေးယခင်က မြို့နယ်၏တောင်ဘက် နယ်မြေချင်း ဆက်စပ်နေသည့် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့နှင့် တစ်ပတ်နှစ်ကြိမ် နိုင်ငံပိုင်သင်္ဘောခရီးစဉ်နှင့် စိမ့်စမ်းကျေးရွာအနီး လေယာဉ်ကွင်းတွင် ရန်ကုန် - အမ်း - စစ်တွေ - ပလက်ဝ တစ်ပတ်တစ်ကြိမ် တွန်အော်တာ လေယာဉ်ငယ်ခရီးစဉ်တို့ဖြင့် သွားလာခဲ့ရသည်။ ယခုမရှိတော့ပါ။

 

ယနေ့ကား ပလက်ဝသို့ရောက်ရန် ရန်ကုန်၊ မန္တလေး၊ စစ်တွေတို့မှ ရန်ကုန် - စစ်တွေ ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း၊ ရန်ကုန် - စစ်တွေ လေယာဉ်၊ စစ်တွေ - ကျောက် တော်ကားလမ်းဖြင့်လည်းကောင်း လမ်းနှစ်သွယ်ဖြင့် ကျောက်တော်မြို့သို့ ဦးစွာသွားရသည်။ ယင်းမှတစ်ဆင့် လိုင်းစက်လှေဖြင့် ခရီးဆက်ရ၏။ ထို့ကြောင့် အနယ်နယ် အရပ်ရပ်သို့ သွားလာရာတွင် ကျောက်တော်မြို့သည် ညအိပ်နားခိုရာအရပ် ဖြစ်လာသည်။

 

ယခုအခါ ကျောက်တော် - ပလက်ဝ ကျောက်ချောလမ်းကို ဒေသနေပြည်သူတို့ သွားလမ်းသာ၍ လာလမ်းဖြောင့်စေရန် ဖောက်လုပ်တည်ဆောက်ပြီးစီးပြီဖြစ်ရာ ဤလမ်းခရီးကို ကျောက်တော်နှင့် ပလက်ဝမြို့တို့မှ တစ်နေ့လျှင် နံနက် ၇ နာရီတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတစ်ကြိမ် ခေါက်ရေနှစ်ကြိမ် နှုန်းစီဖြင့် လူစီးသီးသန့် မှန်လုံယာဉ်များ ပြေးဆွဲပေးသဖြင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအနေဖြင့် ကျောက်တော်မြို့တွင် ညအိပ်နားခိုစရာမလိုတော့ဘဲ နေ့ချင်းအရောက် သွားလာနိုင်ပြီဖြစ်သည်။

 

ဤသို့ ပလက်ဝ - ကျောက်တော် ကျောက်ချောလမ်း ၃၃ မိုင် ၅ ဖာလုံနှင့် ပလက်ဝ - ဆမီး - မတူပီ မြေသားလမ်း ၁၃၅ မိုင် ဖောက်လုပ်ပြီးစီးပြီဖြစ်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။ ဤလမ်းပိုင်းများကို ဒေသခံပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန်အတွက် ပလက်ဝ - ကျောက်တော်၊ ပလက်ဝ - ဆမီး ယာဉ်လိုင်းနှစ်ခုဖြင့် ပြေးဆွဲပေးနေပြီဖြစ်သော်လည်း ပလက်ဝမြို့အထိသွားလာရန် မြစ်ကူးတံတားမရှိသေးသဖြင့် လောင်ကတူး - ပလက်ဝ လမ်းပိုင်း နှစ်မိုင်ခရီးကို ကုလားတန်မြစ်ဖြတ်၍ တစ်ဆက်တစ်စပ်တည်းသွားလာနိုင်ရန် မြစ်ကူးတံတားတစ်စင်း လိုအပ်လာပါသည်။

 

ထို့ကြောင့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သုံးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် တံတားတည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဧပြီလမှစတင်၍ တိုင်းတာမှု လုပ်ငန်းများဆောင်ရွက်ကာ လမ်းအူကြောင်းအနေဖြင့် ထိခိုက်မှုအနည်းဆုံးလမ်းကြောင်းကို ရွေးချယ်တည်ဆောက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် တံတားတည် ဆောက်မှုပြီးစီးရန် ရည်မှန်းထားကြောင်း သိရသည်။

 

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)သည် ပလက်ဝ - ဆမီး - မတူပီလမ်းပိုင်းနှင့် ယင်းလမ်းပိုင်းကို စိမ့်စမ်းကျေးရွာအနီး ချိတ်ဆက်သည့် ပလက်ဝ - ကျောက်တော် လမ်းပိုင်းနှစ်သွယ်ဖြင့် ပလက်ဝမြို့အထိ သွားလာနိုင်ရန် ကုလားတန်မြစ် အနောက်ဘက်ကမ်းရှိ လောင်ကတူးကျေးရွာနှင့် အရှေ့ဘက်ကမ်းကြားတွင် ကုလားတန်မြစ်ကိုဖြတ်၍ တည်ဆောက်နေသည့် တံတားတစ်စင်းဖြစ်သည်။

 

အဆိုပါတံတားသည် ယခုအခါ ၅ဝ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကာ တံတားတည်ဆောက်ပြီးစီးသွားပါက ဒေသခံပြည်သူများအတွက် ကုန်စည်ကူးသန်းစီးဆင်းမှု လွယ်ကူလျင်မြန်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။

 

''အခု ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်မှုက ၅ဝ ရာခိုင်နှုန်းပြီးစီးနေပြီလို့ ဆိုရမှာပါ၊ ဒီတံတားကြီး မပြီးခင်အထိတော့ ကျောက်တော်၊ မတူပီ၊ ဆမီးတို့မှ ပလက်ဝမြို့ကိုသွားမယ်ဆိုရင် ပွင့်လင်းရာသီတွင် ကင်ချောင်းဝအထိသာ သွားရောက်နိုင်ပြီး ကင်ချောင်းဝမှ ပလက်ဝမြို့အထိ ပဲ့ထောင်စက်လှေတွေ အသုံးပြုသွားလာနေရပါတယ်၊ တံတားကြီးပြီးစီးသွားရင်တော့ ဒေသခံတွေရော တခြားကလာတဲ့ ဧည့်သည်တွေပါ အချိန်ကုန်လူပန်းသက်သာပြီး ရာသီချိန်ခါမရွေး ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်''ဟု တံတားစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)မှာ ပလက်ဝ - မတူပီ လမ်းပေါ်၌ တည်ရှိသည်။ ပင်မတံတားအရှည်မှာ ၁၉၄၃ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိသည်။ ပင်မတံတားဘေး တစ်ဖက်စီတွင် လူသွားလမ်း အကျယ်သုံးပေစီရှိပြီး အုတ်မြစ်တွင် သံကူကွန်ကရစ်ဘိုးပိုင် အမျိုးအစား၊ တံတားအောက်ထည်မှာ သံကူကွန်ကရစ်ဖြစ်ကာ တံတားအပေါ်ထည်မှာ သံမဏိသံပေါင် သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ကြောင်း သိရသည်။

 

တံတား၏ ရေလမ်းကင်းလွတ်အကျယ် ၂၁၅ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၃၉ ပေ လေးလက်မဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆ဝ ဖြစ်သည်။ ယခုအချိန်တွင် ဤလမ်းနှစ်သွယ်ကို အသုံးပြု၍ ပလက်ဝမြို့သို့သွားမည်ဆိုပါက ကားလမ်းတစ်သွယ်၊ ရေကြောင်းတစ်မျိုးဖြင့် အဆင့်ဆင့် ခက်ခဲစွာ သွားလာနေရသေးကြောင်း သိရသည်။

 

ယင်းမြစ်ကူးတံတားသည် ပလက်ဝ - ဆမီး - မတူပီ၊ ပလက်ဝ - ကျောက်တော် ကားလမ်း နှစ်သွယ်ဖြင့် ဆက်သွယ်သွားလာရာတွင် အရေးပါမည့်အပြင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန် (Transit Port) စီမံကိန်းမှ တည်ဆောက်ပြီးစီးပြီ ဖြစ်သည့် ဆိပ်ခံတံတားနှင့်ချိတ်ဆက်၍ ဖောက်လုပ်မည့် ပလက်ဝ - ဇိုရမ်ပူရ် (အိန္ဒိယ) နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ပြီးစီးသွားပါက ဤလမ်းပိုင်းနှင့် ပါဆက်နွှယ်လျက် ဒေသအကျိုးပြုတံတားတစ်စင်း ဖြစ်လာတော့မည်။

 

မကြာတော့မည့် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် အကုန်ကာလတစ်ခုတွင် ဒေသခံပြည်သူတို့၏ ''လွယ်မည့်သွားရေး၊ မဖင့်နှေးဖို့''၊ ပလက်ဝဒေသမှ သွေးချင်းညီနောင်များ၏ ''တို့ဆွေတို့မျိုး အကျိုးရှိဖို့၊ သွေးစည်းဖို့''၊ ပလက်ဝ - ဆမီး - မတူပီ၊ ပလက်ဝ - ကျောက်တော် လမ်းပိုင်းနှစ်သွယ်နှင့်အတူ ကုလားတန် မြစ်ကူးတံတား (ပလက်ဝ) ဖွင့်ပွဲအခမ်းအနား စည်ကားစွာ ကျင်းပလာမည့်နေ့နှင့် ပြီးစီးအသုံးပြုနိုင်တော့မည့်နေ့ကို ဒေသခံပြည်သူတို့က ကြိုထောက်အသင့် ပြင်ဆင်နှင့်လျက်ရှိနေပါကြောင်း စာရေးသူရောက်ရှိခဲ့စဉ် တွေ့ရှိခံစား ရေးသားလိုက်ရပါသည်။   ။