ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

၇  ဒီဇင်ဘာ

 

နေရာတကာမှာ ရှောင်မရအောင် ကြုံတွေ့နေရတာ ခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ ရှောင်ဖို့ ခက်တယ်နော်။ ညဘက်များဆို တော်တော်လေးကို ဆိုးပါတယ်။ ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင် ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ခြင်ကိုက်ဖုတွေဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။

 

ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင်

 

ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင် ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာ ပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေ ပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကို ဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တ ွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့် အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။

 

ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုက ခြင်ဆေးထွန်းထား တာပါ။ ဒါကြောင့် သင့်မိသားစုကို ခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့ အရည်အသွေး အပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကို သုံးရင်းကာကွယ်နိုင်ပါတယ်။

 

ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေ ရှိလို့ဖြစ်ဖြစ်၊ လေအေးပေးစက် တပ်ထားလို့ဖြစ်ဖြစ် ခြင်ဆေးခွေ သုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကို အသုံးပြုပေးလို့ ရပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ

 

ခြင်ကိုက်တာနဲ့ အခြားအင်းဆက်တွေ ကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလို ရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။

 

(၁) သွားတိုက်ဆေး

 

သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ သွားတိုက်ဆေးရဲ့ နောက်ထပ်အာနိသင်တွေက သွေးတိတ်စေတာနဲ့ အရေပြားရောင်ရမ်းနာကျင် တာတွေကို လျော့ပါးသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့ အခါခြင်ကိုက်ဖုလေး အပေါ်ကု သွားတိုက်ဆေးခပ်ပါးပါးလေး လိမ်းလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက် လိမ်းပေးလို့ရပါတယ်။

 

(၂) ပျားရည်

 

ပျားရည်က အသေးစားရောဂါတွေအတွက် သဘာဝဆေးတစ်မျိုးပါ။ ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို ကာကွယ်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။ နောက်တစ်ချက်က ခြင်ကိုက်ခံရတာကြောင့်ဖြစ်တဲ့ ယားဖုတွေကိုမြန်မြန်သက်သာ စေနိုင်တာပါ။ ခြင်ကိုက်ဖုတွေဖြစ်တဲ့အခါ ယားဖုပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။

 

(၃) သံပရိုသီး

 

ခြင်ကိုက်ဖုတွေအတွက် သက်သာစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ နေအိမ်မှာတွေမှာ အလွယ်တကူ ရရှိနိုင်တဲ့ သံပရိုသီးပါ။ သံပရိုသီးမှာ အက်ဆစ်ဓာတ်ပါဝင်နေပြီး ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နောက်ထပ် တစ်ချက်က ခြင်ကိုက်ဖုရဲ့ ယားယံမှုကိုပါ သက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရပြီး အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်ဆိုရင် သံပရိုသီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ခြင်ကိုက်ဖုပေါ်ကို သံပရိုခြမ်းနဲ့ ပွတ်တိုက်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိထားလိုက်ပါ။ ခြင်ကိုက်ခံရပြီးပြီးချင်းလုပ်လေ ထိရောက်မှုပိုများလေလေပါ။

 

(၄)ရေခဲ

 

အေးမြမှုနဲ့ရေခဲတို့က အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အအေးဓာတ်က အရေပြားကို ထုံသွားစေပြီး ခဏလောက်တော့ သက်သာမှုရစေပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှုကို သက်သာစေဖို့အတွက် ရေခဲအိတ်ကပ်ပေးတာ ဒါမှမဟုတ် ရေခဲရေနဲ့ ပြန်ဆေးချတာမျိုးလုပ်လိုက်ပါ။ ရေခဲကပ်တဲ့အခါ ၅ မိနစ်ထက်ပိုမကပ်ပါနဲ့။ အရေပြားထိခိုက် ပျက်စီးနိုင်တာကြောင့်ပါ။ ရေခဲကပ်တဲ့အခါမှာလည်း အရေပြားကိုတိုက်ရိုက်ကပ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ရေခဲတွေကို ထုပ်ပြီးကပ်ပေးပါ။

 

(၅) ရှားစောင်းလက်ပပ်

 

ရှားစောင်းလက်ပပ်က အရေပြားအတွက်ကောင်းတယ်ဆိုတာ အထွေအထူးတောင်ပြောစရာမလိုပါဘူး။ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားက နာကျင်ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုက အနာကျက်စေနိုင်ပြီးရောဂါ ကူးစက်ခံရနိုင်ခြေကျဆင်းစေတာပါ။ ခြင်နဲ့ အင်းဆက်ကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားကို မထူမပါးလေး လှီးပြီး ခြင်ကိုက်ဖုပေါ်မှာ ပွတ်တိုက်လိုက်ပါ။ ခြောက်တဲ့အထိထားလိုက်ရုံပါ။ သက်သာလာပါလိမ့်မယ်။ခြောက်သွားတိုင်းထပ်လူးပေးလို့ရပါတယ်။

 

(၆) မုန့်ဖုတ်ဆိုဒါ

 

မီးဖိုချောင်ထဲက ဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကို အရေပြားပြဿနာ တော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါက ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာစေပါတယ်။ ခြင်ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနဲ့ခပ်ပျစ်ပျစ်လေး ဖျော်ပြီးခြင်ကိုက်ဖုပေါ်မှာ လူးပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ဆေးချပေးလိုက်ပါ။

 

ခြင်ကိုက်ခံရတဲ့အခါ ယားဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေ အတိုင်းလုပ်ကြည့်ပြီး ခြင်ကိုက်ဖုတွေကို သက်သာအောင် လုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”