ချင်းလူမှုရေးအသင်း၊ ရန်ကုန် (All Chin Society-Yangon) ၏ ACSY Community Hall ပန္နက်တော်တင် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား

ရန်ကုန် ၁၆ ဇန်နဝါရီ

 

ချင်းလူမှုရေးအသင်း၊ ရန်ကုန် (All Chin Society-Yangon) ၏ ACSY Community Hall ပန္နက်တော်တင် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅)ရပ်ကွက် အမှတ်-၁၈၃ ရှိ ချင်းလူမှုရေးအသင်း၊ ရန်ကုန်(ACSY)ဝင်းအတွင်း ကျင်းပသည်။

 

mdn

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဒုတိယမြို့တော်ဝန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်းလူမှုရေးအသင်း၊ ရန်ကုန်(ACSY)မှ ဥက္ကဋ္ဌနှင့် ချင်းလူမှုရေး အဖွဲ့စည်းများမှ တာဝန်ရှိသူများ၊ ရန်ကုန်ရှိ ချင်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ သိက္ခာတော်ရဆရာ ဒေါက်တာရာလ်ဘွေးက ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားရာတွင် ချင်းလူမှုရေးအသင်း(ရန်ကုန်)သည် ချင်းတိုင်းရင်းသားများ ပူးပေါင်းလက်တွဲလျက် ရှေ့အနာဂတ်၏ ခရီးလမ်းတွင် အတူတကွ လျှောက်လှမ်းနိုင်ရမည်ဆိုသည့် အတွေးဖြင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မေလ ၁၀ ရက်နေ့ Novotel Hotel တွင် ချင်းတိုင်းရင်းသား ခေါင်းဆောင်များ ပထမဆုံးအကြိမ် အစည်းအဝေးကျင်းပပြီး မေ ၂၉ ရက်တွင် မိမိနှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်တို့ကို ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း။

 

အဆိုပါ အခမ်းအနား ကျင်းပပြီးနောက်ပိုင်း မိမိအနေဖြင့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များအား ယခုထက်ပိုပြီး စည်းလုံးနိုင်ရန်၊ ညီညွတ်စွာဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး မျိုးနွယ်စုအလိုက် ဝတ်စုံများကို ပေါင်းစပ်ပြီး ချင်းလူမျိုးများ၏ တူညီဝတ်စုံ (ဘုံဝတ်စုံ) တစ်ခု ဖန်တီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း။

 

ယခုအခါ ချင်းလူမျိုးများ၏ ဘုံဝတ်စုံတစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့ကြပြီဖြစ်၍ ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ယင်းအတွက် ပါဝင်ဆောင်ရွက်သူများအားလုံးကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ယင်းဘုံဝတ်စုံကို ဖန်တီးနိုင်ခြင်းအားဖြင့် ချင်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအားလုံး စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်စေရန် ဆန္ဒပြုအပ်ပါကြောင်း။

 

ချင်းလူမျိုးများ တူညီဝတ်စုံ ဖြစ်မြောက်ရေးကော်မတီက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ချင်းတိုင်းရင်းသားများ၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် ချင်းလူမှုရေးအသင်း (ရန်ကုန်)ကို ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့၏ မှတ်ပုံတင်လက်မှတ် အမှတ် ၁/ပြည်တွင်း/ဝ၅၃၇ ဖြင့် စတင်ဖွဲ့စည်းခွင့် ရခဲ့ပါကြောင်း။

 

ချင်းလူမှုရေးအသင်း(ရန်ကုန်)ကို ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ခင်ရင်းနှီးလျက် စည်းလုံးညီညွတ်မှု ရှိလာစေရန်၊ ချင်းလူမျိုးတို့၏စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအား ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်နှင့် အမျိုးသားရေး စိတ်ဓာတ်များ မြင့်မားလာစေရန်၊ ချင်းလူမျိုးတို့၏ သာရေး၊ နာရေး ကိစ္စရပ်များတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကူညီဖေးမခြင်းဖြင့် အချင်းချင်း ရိုင်းပင်းတတ်လာစေရန်၊ ချင်းလူငယ်များ ပညာဗဟုသုတ ကြွယ်ဝလာစေရန်၊ ဘက်စုံထူးချွန်သော လူငယ်များမွေးထုတ်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနိုင်ရန် ဆိုသည့် ရည်ရွယ်ချက် (၄)ခုဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

 

ယခုကဲ့သို့ ကောင်းမြတ်သည့် ရည်ရွယ်ချက်များနှင့် အသင်းကြီး ဖွဲ့စည်းနိုင်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် စားဝတ်နေရေးခက်ခဲသည့် ချင်းလူမျိုးများ ဆေးဝါးကုသရန် အကူအညီ လိုအပ်နေသည့် သူများအတွက် အကျိုးခံစားခွင့်ရှိခြင်း၊ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ၏ ကျန်းမာရေးအတွက် လိုအပ်ချက်၊ သာရေး/နာရေးကိစ္စအဝဝတွင် အကူအညီရယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး တည်းခိုရန် အခက်အခဲရှိသော သူများအတွက် တည်းခိုနိုင်ခြင်းနှင့် အခက်အခဲပြဿနာတွေ့ကြုံ ရင်ဆိုင်နေရသူများအတွက် ခိုလှုံအားကိုးရာဖြစ်ခြင်း၊ ချင်းလူမျိုးတို့၏ နေ့ထူးနေ့မြတ် အခမ်းအနားများနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရန်အတွက် အဆောက်အဦခန်းမကို အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားနိုင်မည် ဖြစ်ပါကြောင်း။ 

 

ချင်းမျိုးနွယ်စု ၅၃ မျိုးလုံး စုပေါင်းတည်ထောင်ထားသည့် ချင်းလူမှုရေး အသင်းကြီးအနေဖြင့် အသင်းဖွဲ့စည်းသည့် ရည်ရွယ်ချက်ပါအတိုင်း ချင်းတိုင်းရင်းသား လူမျိုးများအကြား ရိုင်းပင်းကူညီဖေးမခြင်းဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရုံသာမက အခြားသော ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့် ချစ်ကြည်စည်းလုံးမှု ပိုမိုလာစေအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အသင်းကြီးအနေဖြင့် ယင်းကဲ့သို့ စည်းလုံးညီညွတ်မှု အင်အားကို တည်ဆောက်ပြီး နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကြိုးပမ်းမှုများတွင် အခြားသော ညီနောင် တိုင်းရင်းသားများနှင့်အတူ လက်တွဲကာ တစ်ထောင့်တစ်နေရာက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။

           

ယခုကဲ့သို့ ချင်းလူမှုရေးအသင်း(ရန်ကုန်)ကို ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပေးသော ပြည်ထဲရေးဝန်ကြီးဌာန (ယခု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန)၊ အသင်းမြေနေရာ ရရှိရေးနှင့် ခန်းမတည်ဆောက်နိုင်ရေးတို့အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့သော အလှူရှင်များ၊ ဘက်ပေါင်းစုံမှ ပါဝင်ပံ့ပိုး ကူညီပေးသူများနှင့် ချင်းလူမှုရေးအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ချင်းလူမှုရေးအသင်း (ရန်ကုန်) ခန်းမကြီးကို အောင်မြင်ပြီးဆုံးအောင် ဆောက်လုပ်နိုင်ပါစေကြောင်း၊ ချင်းလူမှုရေးအသင်း (ရန်ကုန်) အရှည်တည်တံ့ ခိုင်မြဲပါစေကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကား ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ချင်းလူမှုရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးလျန်ကြုံးနုံးက ဂုဏ်ပြုကြိုဆို စကားပြောကြားပြီး ဘဏ္ဍာရေးမှူး ပီတာငွန်ဇကျုံးက ချင်းလူမှုရေးအသင်း(ရန်ကုန်) ဖြစ်ပေါ်လာပုံ၊ ဆောက်လုပ်မည့် အဆောက်အဦ ကိစ္စရပ်များနှင့် ACSY Logo နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပန္နက်တော်တင် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဒုတိယမြို့တော်ဝန်၊ ACSY အသင်းဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့က အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာတွင် ပန္နက်တော် ရိုက်နှိပ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး Bishop ဒေါက်တာ အန်ဒရူးမန်လုံးက ဆုတောင်းခြင်း ပြုလုပ်သည်။

 

mdn

 

ဆက်လက်၍ ချင်းလူမှုရေးအသင်း၊ ရန်ကုန်(ACSY) Logo နှင့် Founding Member ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရ ဒေါက်တာဗွန်ခန့်ပေါင်က ဆုတောင်းခြင်းပြုလုပ်ပြီး ဒုတိယသမ္မတက ACSY Logo နှင့် Founding Member ကျောက်တိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

mdn

 

ချင်းလူမှုရေးအသင်း၊ ရန်ကုန်(ACSY) မြေနေရာတွင် မြို့နယ်လူမှုရေး၊ မျိုးနွယ်စုလူမှုရေး အသင်းအသီးသီး၏ ရုံးခန်းအတွက် ပေ (၂၀×၄၀)၊ အာစီနှစ်ထပ်တိုက်၊ ACSY ရုံးခန်း၊ ပြတိုက်၊ အစည်းအဝေးခန်းမ၊ လူနာများ တည်းခိုရန်နှင့် အခြားအခန်းများ လိုအပ်သလို အသုံးပြုနိုင်ရန် ပေ (၅၀×၇၀)၊ အာစီသုံးထပ်တိုက်၊ ချင်းလူမျိုးတို့၏ နေ့ထူးနေ့မြတ်နှင့် ချင်းအမျိုးသားနေ့တို့တွင် အသုံးပြုနိုင်ရန် လူဦးရေ (၁၅၀ဝ၀)ဆန့် ပေ (၂၀ဝ×၂၀ဝ) ပတ်လည် ခန်းမကြီးနှင့် မြေညီထပ်၌ ကားပါကင်ထားရှိရန် အဆောက်အဦနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးကိစ္စ၊ ပညာရေး ကိစ္စတို့အတွက် ရောက်ရှိလာကြမည့် ချင်းတိုင်းရင်းသားများ တည်းခိုရန်အတွက် ပေ (၁၀ဝ×၅၀)၊ အာစီခြောက်ထပ်တိုက် ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

 

ချင်းလူမှုရေးအသင်း၊ ရန်ကုန် (All Chin Society-Yangon) သည် ရန်ကုန်မြို့၌ နေထိုင်ကြသော တောင်ပေါ်မြေပြန့် ချင်းလူမျိုးများနှင့် ချင်းလူမျိုးလူမှုအဖွဲ့အစည်းအသင်း အသီးသီးတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အသင်းကြီးဖြစ်သည်။

 

သတင်းစဉ်