ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြုလုပ်မည့် ကုန်စည်ပြပွဲတွင် ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ သီးနှံများ ဝင်ရောက်ပြသမည်

ဖလမ်း ၅ မတ်   

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၌ မတ်လ ၇ ရက်နေ့တွင် ပြုလုပ်မည့် ကုန်စည်ပြပွဲတွင် ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းမှ ထွက်ရှိသော သီးနှံများကို ဝင်ရောက်ပြသမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်က “သီးနှံပြပွဲနှင့် ကုန်စည်ပြပွဲကို စိုက်ပျိုးရေးကဏ္ဍအနေနဲ့ ပွဲလုပ်လေ့ရှိပါတယ်။ သီးနှံ အရည်အသွေးအားဖြင့် သော်လည်းကောင်း၊ အရည်အချင်းအားဖြင့် သော်လည်းကောင်း၊ အရေအတွက်အားဖြင့် သော်လည်းကောင်း သီးနှံကို ယှဉ်ပြိုင်ရပါတယ်။ လွန်ခဲ့တဲ့နှစ်များတွင်လည်း ဖလမ်းမြို့နယ်ရဲ့ သီးနှံများဟာ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေရရှိပါတယ် ” ဟု ပြောသည်။

 

ရိခေါ်ဒါရ်မြို့ ကုန်စည်ပြပွဲတွင် ချင်းပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ထွက်ရှိသော သီးနှံများကို စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဝင်ရောက်ပြသမည်ဖြစ်သည်။

 

အဆိုပါပွဲတွင် ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကော်ဖီ၊ ဝဥ၊ ထောပတ်သီး၊ သင်္ဘောသီး၊ ကန်စွန်းဥ၊ ပိန်းဥ၊ နတ်ဆေးဂမုန်း၊ စားတော်ပဲ၊ ပဲစဉ်းငုံ၊ ပဲယင်း၊ အစေ့ထုတ်ပြောင်း၊ ဆပ်ဆံ၊ ခွေးအက်၊ အောင်လောက်၊ စပျစ်ဝိုင်၊ မက်မန်းဝိုင်၊ မက်ခေါက်ဝိုင်၊ ရွှေဖရုံ၊ ကြံညို၊ သကြားကြံ၊ ကြံကြား(စားကြံ)၊ ကျွဲကောများ ပြသမည်ဖြစ်ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)