ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်

ဟားခါး   ၃၀  စက်တင်ဘာ

 

ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် (၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ထိုသို့ကပ်ထားကြေညာရာတွင် ခရိုင်၊ မြို့နယ်၊ မြို့များ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှစ၍ (၁၄)ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည် ဖြစ်သည်။

 

ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ  ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယခုနောက်ဆုံးအကြိမ်အဖြစ် (၁၄)ရက်ကြာ ထပ်မံကြေညာပေးခြင်း ဖြစ်သည်။

 

ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၅၉၆၂၅ ဉီး၊ မ ၁၇၂၀၇၃ ဉီး စုစုပေါင်း ၃၃၁၆၉၈ ဉီးရှိပြီး မဲစာရင်းများ ကြေညာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များနှင့်အတူ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။

 

(ခရိုင် ပြန် / ဆက်)