ချင်းပြည်နယ်နှင့် လေယာဉ်ကွင်းငယ်တို့၏ အခန်းကဏ္ဍ

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

Mission Aviation Fellowship (MAF) သည် ခရစ်ယာန်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များနှင့် ဝေးလံခေါင်သီသော ဒေသတို့ရိုရွာသူ ရွာသားတို့အတွက် လေယာဉ်ပျံသန်းပြေးဆွဲပေးခြင်း နှင့်ဆက်သွယ်ရေးစနစ် ထူထောင်ရေးဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးပါသည်။ Mission Aviation Fellowship (MAF)၏ ဗဟိုစင်တာသုံးခုကို အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့တွင် ဖွင့်လှစ်ထားရှိပါသည်။ ၂၀၁၀ Mission Aviation Fellowship သည် ခရီး သည် ပေါင်း ၂၀၁၇၁၀ ကို နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ လေယာဉ်ပျံ ၁၃၀ ဖြင့် ပျံသန်းပို့ဆောင်ပေးခဲ့ပါသည်။ Mission Aviation Fellowship (MAF) ၏ လုပ်ငန်းဆောင်တာတို့ကို နမူနာပြောရမည်ဆိုပါက ဆူမာထရား (Sumatra)၌ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းမှသည် ပါပူဝါနယူးဂီနီ၌ အင်တာနက်ဝိုင်ဖိုင်ဝန်ဆောင်မှုပေးခြင်းအထိ မျိုးစုံရှိပါသည်။

 

ယခုအခါ Mission Aviation Fellowship (MAF)သည် ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် လိုင်ပီးမြို့၌ ပထမဦးဆုံးသော လေယာဉ်ကွင်းငယ်ကို တည်ဆောက်သွားမည်ဟု သိရှိရပါသည်။ ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျနေဆဲ ပြည်နယ်တစ်ခုဖြစ်သည်သာမက သဘာဝပတ်ဝန်းကျင်အနေအထားအရ လမ်းပန်းဆက်သွယ်ရေးစနစ်ဖော်ဆောင်ရန် ခက်ခဲသောဒေသလည်း ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းသည် ဒေသခံပြည်သူတို့၏ စီးပွားရေးအပါအဝင် လူမှုရေးအခြေအနေ အရပ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောင့်နှေးစေပါသည်။ ချင်းတိုင်းရင်းသား ပြည်သူတို့၏ အခြေခံလိုအပ်ချက်သည် လွယ်ကူမြန်ဆန်သော လမ်းပန်းဆက်သွယ်ရေးစနစ်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေး ဖြစ်ပါသည်။ Mission Aviation Fellowship က ယခုအကောင်အထည်ဖော်မည့် လေယာဉ်ကွင်းငယ်သည် ချင်းတိုင်းရင်းသား ပြည်သူတို့၏ အဆိုပါအခြေခံလိုအပ်ချက်ကို တစ်နည်းတစ်ဖုံ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

 

ဤလေယာဉ်ကွင်းငယ်ကို Mission Aviation Fellowship က Health & Hope Myanmar အဖွဲ့နှင့် ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန် ဒါ်လာ ၂ ဒသမ ၂ သန်း ခန့်ရှိပါသည။် ယခုတည်ဆောက်မည့် လေယာဉ်ကွင်းငယ်အတွက် ခွင့်ပြုချက်အား ပြည်ထောင်စုအစိုးရထံမှ ၂၀၁၇ ခုနှစ်ဇူလိုင်လ၌ ရရှိခဲ့ပြီး ယခုလောလောဆယ် မြေအနေအထားတို့ကို လေ့လာသုံးသပ်လျက်ရှိပါသည်။စီမံကိန်းရာထားချက်အရ အဆိုပါလေယာဉ်ကွင်းငယ်ကို ၂၀၂၀ ပြည့်နှစ် မေလ၌ ပြီးစီးစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်၌ လိုင်လင်းပီမြို့သည် တိုင်းပြည်၏ ကျန်ဒေသများသို့ နွေရာသီ၌သာသွားလာနိုင်ပါသည်။ ယခုလေယာဉ်ကွင်းငယ် ပြီးစီးပါက လိုင်လင်းပီဒေသခံ ချင်းတိုင်းရင်းသားတို့သည် ကျန်တစ်နိုင်ငံလုံးသို့ ၁၂ ရာသီစလုံးသွားလာနိုင်တော့တော့မည်ဖြစ်၍ ဒေသ၏ စီးပွားရေးအပါအဝင် လူမှုရေး အနေအထားအရပ်ရပ်တို့ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

 

ပို၍ ဝမ်းမြောက်စရာကောင်းသည်မှာ ဤလေယာဉ်ကွင်းငယ်ကိုအခြေပြုသည့် ပျံသန်းသယ်ယူပို့ဆောင်မှုတို့သည် စီးပွားရေးအကျိုးအမြတ်အပေါ်၌ အခြေမခံ၊ ဒေသခြံပည်သူတို့၏ ကျန်း မာရေးကဲ့သို့သော ကိစ္စမျိုးများနှင့် သဘာဝဘေးအ္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတို့အတွက်သာ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သောလေယာဉ်ကွင်းငယ်တို့ကို ဟားခါး၊ ပလက်ဝနှင့်တီးတိန်တို့၌ပါ ဆက်လက်တည်ဆောက်သွားရန် စီစဉ်နေသည့် Mission Aviation Fellowship (MAF)နှင့် Health & Hope Myanmar  တို့၏ ကြိုးပမ်းဆောင်ရွက်မှုကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာဖော်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း