ချင်းရိုးရာ ပြာဟင်းနှင့် ဆာပူးတွီးဟင်းလျာ

တိုင်းရင်းသားတွေရဲ့ ရိုးရာဟင်းလျာချက်ပြုတ်ပုံနည်းစနစ်တွေဟာ ရိုးစင်းကြတယ်လို့ ဆိုနိုင်ပေမယ့် အခြေခံထားတဲ့ အချက်တွေမှာ ကွဲပြားမှုရှိတာကိုတော့ သတိထားမိပါတယ်။ ချက်၊ ပြုတ်၊ ကြော်၊ လှော်၊ မီးကင်၊ မီးဖုတ်ခြင်းဆိုတဲ့ အခြေခံထားပြီး ချက်ပြုတ်ကြတဲ့ နည်းတွေထဲမှာ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဟင်းလျာတွေက (ပြုတ်) ပြီးချက်ကြတာကို အခြေခံတယ်လို့ ပြောရမှာပ။

 

ဆာပူးတွီ

 

ချင်းလူမျိုးများရဲ့ ရိုးရာဟင်းလျာတွေထဲမှာဆာပူးတွီးက လူသိများပါတယ်။ အချို့ကတော့လွယ်လွယ်ကူကူ ဆာဘူးသီးလို့ခေါ်ကြပါတယ်။ဆာဆိုတာက အသားဖြစ်ပြီး ပူးတွီးကပြောင်းဖူးကို ဆိုလိုတာဖြစ်ပါတယ်။ ဆာပူးတွီးက ပြောင်းဆန်ကို အသားတစ်မျိုးမျိုးနဲ့ရောပြီး ပြုတ်ထားတဲ့ဟင်းလျာပါ။ ချင်းတိုင်းရင်းသားတွေဟာ ပြောင်းဖူးတွေကို အိမ်မှာချိတ်ဆွဲ အခြောက်ခံပြီး နွေစာ၊ မိုးစာထားပြီး စားသုံးကြပါတယ်။ ဆာပူးတွီးချက်မယ်ဆိုရင် ပြောင်းဖူးခြောက်များကို အဖူးကြွေခ၊ လက်ဆုံမှာထောင်းပြီး အမှုန်အမွှားတွေကို ပြာထုတ်ပါတယ်။ ပြီးရင်ရေနွေးအိုးတည်ပြီး ရေဆူလာရင် ပြောင်းဆန် နဲ့ သန့်စင်ပြီး အနေတော်တုံးထားတဲ့ အမဲ၊ ဝက် စတဲ့ အသားတစ်မျိုးမျိုးရောကာ ဆားထည့်ပြီး ပျစ်ပျစ်လေး ပြုတ်သောက်ကြတဲ့ ဟင်းလျာပါ။

 

ပြာဟင်း

 

အနူးချင်းအမျိုးသမီးများဟာ ပြာရည်နဲ့ဟင်းချက်ရာမှာ နာမည်ကြီးပါတယ်။ ချင်းပြည်နယ်မှာက ဆားကို မြေပြန့်ကနေ တင်ပို့ရတာပါ။ ချင်းရိုးရာဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး သုံးတဲ့အခါမှာလည်း ဝက်ဆီကိုသုံးတာ တွေ့ရပါတယ်။ ရိုးရာဟင်းလျာများ ချက်ရာမှာတော့ ဆီအစား ပြာရည်ကိုသုံးပြီးချက်ရတာကို ပိုပြီးနှစ်သက်ကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် အသားဟင်းချက်ရာမှာ ပြာရည်ဟာ အဆီအပြင် အငန်ဓာတ်ပါဝင်တာမို့ ဟင်းနူးလွယ်တယ်လို့ ဆိုပါတယ်။

 

ပြာရည်ပြုလုပ်ရာမှာတော့ ဝါးပြာကို အသုံးများပါတယ်။ ဝါးပြာဆိုတာက အရွက်သာထွက်ပြီး အခက်အလက်များ မထွက်တဲ့၁၀ ပေ၊ ၁၅ ပေလောက်မြင့်တဲ့ ဝါးပင်တစ်မျိုးက ရတဲ့ပြာဖြစ်ပါတယ်။ ဝါးပြာအပြင် ကိုင်းပင်တစ်မျိုးကရတဲ့ ပန်းပြာ၊ မြက်ပင်တစ်မျိုးကရတဲ့ စပေါင်ပြာနဲ့ ငှက်ပျောပြာ၊ နှမ်းပြာတို့ကိုလည်း သုံးကြပါသေးတယ်။ အဲဒီပြာအမျိုးမျိုးကရလာတဲ့ ပြာရည်တွေမှာ အဆီဓာတ်တွေပါဝင်တာမို့ အဲဒီပြာတွေကို ရေဖျော်ပြီး အရည်ကြည်ကို ဆီအဖြစ်သုံးကြတာပါ။

 

ချင်းရိုးရာဟင်းလျာတွေဟာ တောင်ယာထဲကရတဲ့ မြောက်ဥ၊ ပိန်းဥ၊ ကန်စွန်းဥစတဲ့အသီးအနှံတွေ၊ အိမ်မွေး ကြက်၊ ဝက်တွေနဲ့ အမဲလိုက်လို့ရတဲ့ ချေ၊ ဆတ် အစရှိတဲ့ အသားတွေကို ချက်ပြုတ်စားသောက်ကြပါတယ်။ ပြာရည်ကို ဆီအဖြစ်သုံးပြီး ချက်ပြုတ်ထားတဲ့ ချင်းရိုးရာဟင်းလျာ ကြက်သားပြာဟင်းနဲ့ အသီးအရွက်ဟင်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

စံလွင် (ငါးဦးစီး)