ချင်းရိုးရာအထည်များ ရောင်းအားကောင်း

မြင့်နိုင်စိုး (ပြန်ဆက်)

 

(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့၌ နိုင်ငံတော်အဆင့် ပထမဦးဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ချင်းတိုင်းရင်းသား ရိုးရာအဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း ထန်တလန်မြို့မှ ချင်းရိုးရာအဝတ်အထည်များ ရောင်းချလျက်ရှိသော စျေးသည်များထံမှ သိရသည်။

 

ချင်းရိုးရာအဝတ်အထည်များတွင် စက်ရုံ ထုတ်အဝတ်အထည်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်သို့ အများဆုံး တင်သွင်းရောင်းချလျက်ရှိပြီး ခေတ်နှင့်လိုက်လျောညီထွေစွာ အဆင်လှခြင်း၊ ဒီဇိုင်းဆန်းဆန်းလေးများ ထွက်ရှိခြင်းတို့ကြောင့် အမျိုးသမီးများ အကြိုက်များပြီး မိန်းကလေးငယ်များအတွက် ချင်းရိုးရာလည်ဆွဲနှင့် လက်ဝတ်အထည်အမျိုးမျိုးလည်း ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။ "ချင်းအမျိုးသားနေ့ နီးလာတိုင်း စျေးရောင်းလို့ ကောင်းပါတယ်။ ဒီနှစ်မှာ ထန်တလန်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံတော်အဆင့် ချင်းအမျိုးသားနေ့ လုပ်ဖြစ်တာဆိုတော့ ပွဲတော်နီးလာလေ ရောင်းအားကောင်းလေပါပဲ။ ပစ္စည်းတွေ ထပ်မှာနေရတယ်။ ပွဲတော်ရက်တွေမှာတော့ ဆိုင်ကြီးတွေ တင်မဟုတ်ဘူး။ ဆိုင်လေးတွေနဲ့ လမ်းဘေးက ယာယီရောင်းချတဲ့ ဆိုင်လေးတွေလည်း အထိုက်အလျောက် ရောင်းချကြရတယ်။

 

အများဆုံးရောင်းချရတာကတော့ အဆင်လှလှ ဒီဇိုင်းလှလှနဲ့ စျေးနှုန်းလည်းသက်သာတဲ့ စက်ရက်အထည်တွေပါ။ အမျိုးသားဝတ် ချင်းရိုးရာကုတ်တွေလည်း အရင်နှစ်ကထက် စာရင် ရောင်းရပါတယ်။ ဧည့်သည်တွေကို လက်ဆောင်ပေးဖို့၊ ပွဲတော်မှာဝတ်ဖို့ ဝယ်ကြတယ်"ဟု ထန်တလန်မြို့ ချင်းရိုးရာအဝတ် အထည်ရောင်းဆိုင်ရှင်က ပြောသည်။

 

(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ကို ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက် အထက (၂) အနီး ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့၌ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။