ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ်ဆောင်ရွက်မည့် အစီအမံများရှိ၊ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်

နေပြည်တော် ၁၆ မေ

 

ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ်ဆောင်ရွက်မည်ဆိုသည့် အစီအမံများရှိပြီး ဆောင်ရွက်လျက်လည်း ရှိပါကြောင်းနှင့် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက “ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်းရေးအတွက် ခန္တီးမှချင်းတွင်းဝအထိ အလျား ၈၁၇ ကီလိုမီတာတွင် ပြုပြင်ရန်မလိုသော အပိုင်းမှာ ၄၈၅ ကီလိုမီတာဖြစ်ပြီး ပြုပြင်ပြီးအပိုင်းမှာ ၄၀ ကီလိုမီတာနှင့် ထပ်မံပြုပြင်ရမည့်အပိုင်းမှာ ၂၉၂ ကီလိုမီတာဖြစ်ပါကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေး နည်းလမ်းများဖြစ်သည့် မြစ်ကြမ်းပြင်ထိန်းသိမ်းခြင်းနည်းလမ်း၊ မြစ်ရေအမြင့်ထိန်းသိမ်းခြင်း နည်းလမ်းနှင့် မြစ်ရေထုထည် ထိန်းသိမ်းခြင်း နည်းလမ်း စသည့်  နည်းလမ်း ၃ မျိုးအနက် ဒုတိယနည်းလမ်း ၂ မျိုးမှာ ကုန်ကျစရိတ် မြင့်မားသဖြင့် ကုန်ကျစရိတ်သက်သာသည့် မြစ်ကြမ်းပြင် ထိန်းသိမ်းရေးနည်းလမ်းဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၃ နှစ်တွင် ဟုမ္မလင်း-မော်လိုက်တွင် ၁၃ နေရာပြုပြင်ရမည် ဖြစ်သော်လည်း ၅ နေရာသာ ပြုပြင်မည်ဖြစ်ပါကြောင်း၊ မော်လိုက်-မုံရွာတွင် ၁၁ နေရာ ပြုပြင်ရမည်ဖြစ်သော်လည်း ၉ နေရာသာပြုပြင်မည် ဖြစ်ပါကြောင်း၊ မုံရွာ-ချင်းတွင်းဝတွင် ၅ နေရာ ပြုပြင်မည်ဟု လျာထားပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်စဉ်ဆောင်ရွက်မည်ဆိုသည့် အစီအမံများရှိပါကြောင်း၊ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ရှင်းလင်းဖြေကြားသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ မေးမြန်းသည့် “ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ်မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍” ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN